အင်ဒိုနီးရှား အဆင့်မြင့်စစ်ရေးစွမ်းရည်ပြကွက်ဆန်းတွေ ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ကြည့်ရှု

ဂျာကာတာ ၂၄ ဇန်နဝါရီ

ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ပြုလုပ်ခဲ့တဲ့ အဆင့်မြင့် စစ်ရေး စွမ်းရည်ပြသမှုတွေမှာ အင်ဒိုနီးရှား တပ်ဖွဲ့ဝင်တွေရဲ့မြွေသွေးသောက်တာမျိုး၊ ဖန်ကွဲတွေပေါ် လိမ့်ချတာမျိုး ၊ အုတ်ခဲ ဦးခေါင်းဖြင့် ရိုက်ခွဲပြတာမျိုး၊ မီးလျှံကြားလမ်းလျှေက်ပြတာမျိုး  စတဲ့ စွမ်းရည်မြင့်ပြကွက်တွေပါဝင်ခဲ့ပြီး အဆိုပါ ရှားပါးစစ်ရေးပြအခမ်းအနားကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စွမ်းရည်ပြသမှုဟာ အင်ဒိုနီးရှားစစ်တပ်ရဲ့ ထူးခြားတဲ့စွမ်းရည်တွေပြသတဲ့အနေနဲ့ ဖြစ်ပါတယ်။

ပင်တဂွန် အကြီးအကဲတွေရဲ့ ပြည်ပခရီးစဉ်တွေမှာ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ သာမာန်ထက် ထူးခြားတဲ့ စစ်ရေးစွမ်းရည်ပြကွက်တွေကို ကြည့်ရှုတာ ထုံးစံလိုဖြစ်နေပြီး အင်ဒိုနီးရှားတပ်ဖွဲ့တွေရဲ့ စစ်ရေးပြသမှုမတိုင်မီ မက်တစ်ခရီးစဉ်မှာလိုက်ပါလာတဲ့ သတင်းထောက်က ဓားစာခံ ကယ်ဆယ်ရေး သရုပ်ပြမှုကို မျှော်လင့်ခဲ့ကြောင်း သိရပါတယ်။

ဒီကနေ့ စစ်ရေးပြမှာ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပေါင်ကြားက ဘောလုံးကို မျက်စိကို ပိတ်စည်းထားတဲ့ စစ်သားက သေနတ်နဲ့ ပစ်ခတ်ပြသတဲ့ အကွက်မှာ တစ်ချက် ချော်ပစ်တာတွေရှိခဲ့ပေမယ့် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရပုံ မရှိခဲ့ပါဘူး။

စိတ်ဓာတ်တက်ကြွစေတဲ့ ဒရမ်စည်းချက်တွေနဲ့အတူ အင်ဒိုနီးရှားစစ်သားတွေက ကွန်ကရစ် အုတ်တွေကို ဦးခေါင်းနဲ့ရိုက်ခွဲတာတွေ၊ မီးစွဲနေတဲ့အုတ်ခဲတွေကို လက်နဲ့ရိုက်ခွဲတဲ့ပြတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

အထူးပြကွက်အနေနဲ့ တပ်ဖွဲ့ဝင်တွေက မက်တစ်နဲ့ တစ်ပေကျော်အကွာမှာတင် မြွေအရှင်တွေကို အိတ်ထဲက သွန်ချလိုက်ပါတယ်။ လူကိုပြန်ရန်မူခဲ့တဲ့ မြွေဟောက်ရဲ့လည်ပင်းသွေးကို ဖောက် သောက်ပြခဲ့ပါတယ်။ အဲဒီမြွေတွေနဲ့ ပြကွက်ထဲမှာ အနည်းဆုံး အင်ဒို စစ်သားတစ်ဦးက မြွေကို အလယ်က ထက်ပိုင်း ပါးစပ်နဲ့ ကိုက်ဖြတ်ပြပါသေးတယ်။ 

စစ်ရေးပြအဆုံးမှာ “Mission Impossible” ဇာတ်ကားတေးသွားနဲ့ ဓားစာခံကယ်ဆယ်တဲ့ ပြကွက်ကို ပြသခဲ့ပါတယ်။ ဟယ်လီကော်ပတာပေါ်ကနေ တိတ်တဆိတ် တပ်ဖြန့်ချထားခြင်း၊ ဓားစားခံ ကယ်ဆယ်သရုပ်ပြသမှုနဲ့ အကြမ်းဖက်သူကို ရဲခွေးတွေရဲ့ ရွေးချယ်တိုက်ခိုက်ပြခြင်း စတာတွေ ပါဝင်ခဲ့ပါတယ်။

မက်တစ်ရဲ့ သုံးရက်ကြာ အင်ဒိုနီးရှားခရီးစဉ်ပြီးဆုံးခါနီးမှာ ပြသခဲ့တဲ့ အဆိုပါစစ်ရေးပြနဲ့ပတ်သက်လို့ ချက်ချင်း မှတ်ချက်ပြုတာတော့ မရှိခဲ့ပါဘူး။ ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ဟာ နောက်လမှာ ဗီယက်နမ် နိုင်ငံကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား >  ရိုက်တာ