အင်ဒိုနီးရှား အနောက်ပိုင်း မြေပြိုမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားပြီးနောက် ၄၁ ဦး ပျောက်ဆုံး

ဂျကာတာ ၁ ဇန်နဝါရီ

 

အင်ဒိီုးနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ် ဆူကာဘူမီခရိုင်တွင် မြေပြိုမှုများ ဆိုးရွားစွာဖြစ်ပေါ်သဖြင့် စုစုပေါင်း ရွာသူရွာသား ၄၁ ဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ တာဝန်ရှိသူက ယနေ့ ပြောကြားခဲ့သည်။

 

ဆီနာရတ်မီ ကျေးရွာတွင် မြေပြိုမှုကြောင့် အိမ်ခြေ ၃၄ လုံး မြုပ်သွားခဲ့ရာတွင် ပါဝင်သူများကို ရွာသားများနှင့်အတူ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးနှင့် သဘာဝဘေးအန္တရယ်အေဂျင်စီမှ အမှုထမ်းများက  ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ရန်  ကြိုးစားခဲ့ကြကြောင်း အမျိုးသားဘေးအန္တရယ် စီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါဝူ နူဂိုဟို က ဆိုသည်။

 

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် မြေပြိုမှုတွင် ပါရှိသူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆူတိုပိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထိုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြိုကျသည့် မြေများကို ဖယ်ရှားရန် စက်ယန္တရားများ အထူးလိုအပ်နေကြောင်း ဆူတိုပိုက ဆိုသည်။

 

ယင်းမြေပြိုမှုကြောင့် စုစုပေါင်း ရွာသား ၆၁ ဦး အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းရှိ ရိပ်သာတွင် နေထိုင်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အင်ဒိုနီးရှား နိုင်ငံသည်  မိုးသည်းထန်စွာ ရွာသွန်းသည့် ကာလအတွင်း ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်သဖြင့် မကြာခဏ ဒုက္ခရောက်ခဲ့ရသည်။

 

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို