အင်ဒိုနီးရှား အရှေ့ပိုင်းတွင် ပြင်းအား ၆ ဒသမ ၈ ပမာဏရှိ ငလျင်လှုပ်ခတ်သော်လည်း ဆူနာမီ သတိပေးချက်မရှိ

၂၆ စက်တင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလူကူ ပြည်နယ်တွင် ယနေ့မနက် အစောပိုင်းက ပြင်းအား ၆ ဒသမ ၈ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒ အေဂျင်စီ က ပြောကြားခဲ့သည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အခြေခံ အဆောက်အဦများ အသေးစား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

 

၎င်းငလျင်သည် ထိုပြည်နယ်၏ မြိို့တော်အမ်ဘွန်၏ အရှေ့မြောက်ဘက် ၄၀ ကီလိုမီတာအကွာ ငလျင်ဗဟိုချက်၊ ၁၀ ကီလိုမီတာ အနက်တွင် မနက် ၆ နာရီ ၄၆ မိနစ်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

ဤငလျင်သည် ဆူနာမီဖြစ်ပေါ်ရန် အလားအလာ မရှိသောကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်း မရှိကြောင်း ထိုအေဂျင်စီ၏ တာဝန်ရှိသူ အယ်လ်ဖတ် အဘူဘာကာ က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ယင်းငလျင် လှုပ်ခတ်မှုကြောင့် ထိုမြို့ရှိ ပါတီမူရာ တက္ကသိုလ် အဆောက်အဦ အသေးစား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး တံတားတစ်စင်း အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ အာဂတ်ဝီဘိုဝို က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို