အင်ဒိုနီးရှား စတော့အိတ်ချိန်း အဆောက်အဦ ဧည့်ခန်းမဆောင် ကြမ်းပြင် ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူဦးရေ တိုးလာ

ဂျာကာတာ ၁၆ ဇန်နဝါရီ

တနင်္လာနေ့က အင်ဒိုနီးရှား စတော့အိတ်ချိန်း အဆောက်အဦရှိ  ဧည့်ခန်းမဆောင် အပေါ်ထပ်   ထပ်ခိုးကြမ်းပြင် ပြိုကျမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရသူတွေဟာ ပြိုကျလာတဲ့ ကွန်ကရစ်ပြင်တွေနဲ့ အခြား အပျက်အစီးများကြား ပိတ်မိနေခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ အများစုက ကျောင်းသားတွေဖြစ်ကြောင်း သိရပါတယ်။

အဆောက်အဦ ကြမ်းပြင်ဟာ ဗုံးပေါက်ကွဲမှုကြောင့် ပြိုကျခဲ့တာ ဖြစ်ကြောင်း၊ အသေအပျောက် မရှိကြောင်းနဲ့ ထိခိုက် ဒဏ်ရာရသူ ၇၀ ကျော်ရှိကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆောက်အဦ ကြမ်းပြင် ပြိုကျစဉ်မှာ အဲဒီအတွင်းမှာရှိတဲ့ အသက် ၂၀ အရွယ် ကျောင်းသား တစ်ဦးက “အသံတွေ ဆူညံနေခဲ့ပေမယ့် ပေါက်ကွဲမှုတော့ မဟုတ်ကြောင်း၊ တစ်စုံတစ်ခု ပြုတ်ကျလာသလိုမျိုး ဖြစ်ပြီး ကျွန်တော်တို့ ရပ်နေတဲ့ ကြမ်းပြင် နေရာကနေ အောက်ကို ပြုတ်ကျသွားတာ ဖြစ်ကြောင်း” ကိုယ်တွေ့ အကြောင်းအရာကို သတင်းဌာနတွေကို  ပြောပြပါတယ်။

အဆောက်အဦရဲ့ ခိုင်ခံ့မှုကို  ပြီးခဲ့တဲ့ မေလက  နောက်ဆုံးအကြိမ် စစ်ဆေးရေး ပြုလုပ်ထားပြီး ဖြစ်ပါတယ်။  စတော့အိတ်ချိန်း အရောင်းအဝယ် မထိခိုက်စေဖို့ ဆောက်လုပ်ရေး စစ်ဆေးကို  ဒီကနေ့ညမှာ စတင်စစ်ဆေးမှာ ဖြစ်ကြောင်း ဂျာကာတာ အုပ်ချုပ်ရေးမှူး Anies Baswedan က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဆိုပါ ပြိုကျမှုကြောင့် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှုကို အကျိုးသက်ရောက်မှု မရှိဖို့ မျှော်လင့်ကြောင်း၊ စတော့အိတ်ချိန်း အရောင်းအဝယ်တွေကို အချိန်ဇယားအတိုင်း နေ့လယ်ပိုင်းမှာ ပြန်လည် စတင်မှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati ကလည်း ပြောကြားထားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံလေးခုမှာ ကုသပေးလျက် ရှိပါတယ်။  အသေအပျောက် ရှိတယ်လို့ မသိရသေးပေမယ့် အရိုးကျိုးတာကို အဆိုးဆုံး အခြေအနေအဖြစ် ပြောမယ်ဆို ပြောနိုင်ကြောင်း၊ သူတို့ အနေနဲ့ သူတို့ဆေးရုံကို ရောက်လာတဲ့ လူနာတွေကို အသေးစိတ် စစ်ဆေးပေးဖို့လည်း ဆက်လက် လုပ်ပေးဖို့ လိုအပ်နေကြောင်း အဆိုပါ အဆောက်အဦ အနီးရှိ MRCC Siloam ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စတော့အိတ်ချိန်း ညွှန်ကြားရေးမှူးချုပ် Tito Sulistio က အဆောက်အဦ ပြိုကျမှုကြောင့် ဒဏ်ရာရရှိသွားကြတဲ့ လာရောက်လေ့လာတဲ့ ကျောင်းသားတွေအတွက် ကုသမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

အဆိုပါ အထပ်မြင့် အဆောက်အဦကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အစိုးရ ဘဏ္ဍာရေး ခရိုင်ရုံး၊ ကမ္ဘာ့ဘဏ်နဲ့ အခြား ဘဏ္ဍာရေးဆိုင်ရာ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ငွေရေးကြေးရေး ဆောင်ရွက်ချက်တွေအတွက် အဓိက အချက်အချာကျတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀ဝ၀ ခုနှစ် စက်တင်ဘာလက အစ္စလာမ် အစွန်းရောက် အဖွဲ့တွေရဲ့ ကားဗုံးဖောက်ခွဲပြီး တိုက်ခိုက်ဖို့လည်း ကြိုးစားခဲ့ဖူး ပါသေးတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > ရိုက်တာ