အင်ဒိုနီးရှား လှေနစ်မြုပ်မှု ၈ ဦးသေဆုံး၊ ၁၃ ဦး ပျောက်ဆုံးနေ

ခါလီမန်တန် ၂ ဇန်နဝါရီ

ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ ခါလီမန်တန်အနီး ခရီးသည် ၅၀ ခန့်လိုက်ပါလာတဲ့ စပိဘုတ်တစ်စင်း နစ်မြှုပ်ခဲ့ရာမှာ ရှစ်ယောက် သေဆုံးခဲ့ပြီး ၁၃ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ လိုက်ပါလာတဲ့ ခရီးသည်တွေမှာ ကလေးငယ်တွေ ပါဝင်ကြောင်း သိရပါတယ်။

အဆိုပါ ရေယာဉ်ဟာ ခါလီမန်တန်ကျွန်းစုရှိ တန်ဂျန်ဆယ်လာ (Tanjung Selor) ကနေ ကီလိုမီတာ ၆၀ ကျော်ဝေးတဲ့ တာရာခန် (Tarakan)ကို ခရီးဆက်ဖို့ မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။

နစ်မြှုပ်စဉ်မှာ အနီးအနား လှေတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ခဲ့တာကြောင့် အများစု ကယ်တင်နိုင်ခဲ့ပြီး ၁၃ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

အဆိုပါ ရေယာဉ်ဟာ ဒေသခံတွေ စီးနေကျဖြစ်ပြီး ကျွန်းတွေ များပြားလှတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိက သယ်ယူပို့ဆောင်ရေးယာဉ်လည်း ဖြစ်ပါတယ်။ လှေနစ်မြှုပ်မှု အတော်များများက ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်လေ့ဖြစ်ထရှိကြောင်း သိရပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > အန်အိတ်ချ်ကေ