အင်ဒိုနီးရှား၌ ခရစ္စမတ် အထူးအစီအစဉ်ဖြင့် ခရစ်ယာန်အကျဉ်းသား ၁၁၆၆၉ ဦး ပြစ်ဒဏ်လျှော့ပေါ့ပေးပြီး ၁၉၅  ဦး လွတ်ငြိမ်းခွင့်ပေး

ဂျကာတာ၊ ၂၅  ဒီဇင်ဘာ 

အင်ဒိုနီးရှားအစိုးရသည် ယခုနှစ် ခရစ္စမတ် အထူးအစီအစဉ်ဖြင့် နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ ခရစ်ယာန် အကျဉ်းသား ၁၁၆၆၉ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး ၎င်းတို့အနက်အကျဉ်းသား ၁၉၅ ဦးကို လွတ်ငြိမ်း ခွင့်ပေးလိုက်ကြောင်း အင်ဒိုနီးရှားဥပဒေနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။ 

အစိုးရအနေဖြင့် အကျဉ်းသားများအား ပြစ်ဒဏ်လျှော့ပေါ့ပေးမှုသည် ပိုမိုကောင်းမွန်ရန် ကြိုးစားနေသည့် အကျဉ်းသားများအတွက် အစိုးရ၏ တန်ဖိုးထားမှုပင်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အကျဉ်းထောင် ညွှန်ကြားရေး မှူးချုပ် ရိန်ဟတ်ဆီလီတွန်ဂါက ပြောကြားသည်။

အစိုးရ၏ ပြစ်ဒဏ်လျှော့ပေါ့ပေးမှု အစီအစဉ်အရ ဆူမတြားပြည်နယ်၌ အကျဉ်းသား ၂၁၅၁ ဦး ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၌ ပြစ်ဒဏ်အထူးလျှော့ပေါ့မှုရရှိသော အကျဉ်းသားဦးရေ အများဆုံးဖြစ် သည်။

ထို့အတူ အင်ဒိုနီးရှားအစိုးရသည် အရှေ့နူဆာတင်ဂါရာပြည်နယ်တွင် အကျဉ်းသား ၁၇၃၀၊ မြောက်ဆူလာ ဝေဆီပြည်နယ်တွင် အကျဉ်းသား ၉၂၉ ဦး စသည်ဖြင့် အသီးသီး ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ အင်ဒိုနီးရှားနိုင်ငံတွင် ခရစ်ယာန်အကျဉ်းသားပေါင်း၂၂၂၄၆ ဦးရှိကြောင်း အင်ဒိုနီးရှားဥပဒေနှင့် လူ့အခွင့်အရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ