အင်ဒိုနီးရှား၌ ပျောက်ဆုံးသင်္ဘော ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ရာတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သူ ၃၁ ဦးအထိရှိ

ဂျကာတာ   မေ  ၃၁

 

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း၌ နစ်မြုပ်ပျောက်ဆုံးခဲ့သော သင်္ဘောကိုရှာဖွေရန် ကယ်ဆယ်ရေးသမားများသည် သင်္ဘော နစ်မြုပ်ရာနေရာ၏ အရှေ့မြောက်ဘက် ရေမိုင် ၄၅ မိုင် (၈၃ ကီလိုမီတာ) အထိ တိုးချဲ့ ရှာဖွေလျက်ရှိသည်။

 

အဘယ်ကြောင့်ဆိုသော် အဆိုပါနေရာ၌ သင်္ဘောနစ်မြုပ်မှုတွင် အသက်ဘေးကြုံတွေ့ခဲ့သူများကို အများဆုံး ရှာဖွေတွေ့ရှိခဲ့သောကြောင့်ဖြစ်ကြောင်း ဆူလာဝေဆီ တောင်ပိုင်းပြည်နယ် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးရုံးတာဝန်ခံနှင့် ကယ်ဆယ်ရေးသမား မွတ်တီအလီက ပြောကြားလိုက်သည်။

 

ဆူလာဝေဆီတောင်ပိုင်းပြည်နယ် မာကာဆာ ရေလက်ကြား သင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သူ အရေအတွက်မှာ ယခုဆိုလျှင် ၃၁ ဦးအထိ ရောက်ရှိလာပြီဖြစ်သော်လည်း ၁၁ ဦးမှာ ဆက်လက်ပျောက်ဆုံးလျက်ရှိသည်။

 

ယနေ့   ကယ်ဆယ်ရေးများကို ခဏရပ်ပြီး မနက်ဖြန်တွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း၊ တချို့သင်္ဘောများမှာ  ကမ်းသို့ပြန်ကပ်ပြီး တချို့သင်္ဘောများမှာ ပင်လယ်ပြင်တွင် ဆက်လက်ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း မွတ်တီအလီက ပြောကြားလိုက်သည်။

 

အဆိုပါသင်္ဘောသည် မေ ၂၆ ရက်က  လှိုင်းလုံးကြီးများကြားတွင် နစ်မြုပ်ပျောက်ဆုံးခဲ့သော်လည်း   အဆိုပါဖြစ်စဉ်ကို မေ ၂၈ ရက်ရောက်မှသာ သက်ဆိုင်ရာ တာဝန်ရှိသူများကို သတင်းပေးပို့ခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ရှာဖွေရေးရုံး အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သူ ဝါဟစ်ဒီဂျေက ပြောသည်။

 

လှိုင်းလုံးကြီးများနှင့်ဆုံတွေ့စဉ် သင်္ဘောမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဆင်ဟွာ