အင်ဒိုနီးရှား၌ ပထမဆုံးလျှပ်စစ်ကား ထုတ်လုပ်ရေးစက်ရုံ ဖွင့်လှစ်

ဂျကာတာ မတ် ၁၈

 

တောင်ကိုရီးယား ဟွန်ဒိုင်းမော်တော်ကား ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံ၌ ပြည်တွင်းထုတ် Hyundai IONIQ 5 လျှပ်စစ်ကားထုတ်လုပ်မည့် မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ ဟွန်ဒိုင်းမော်တော်ကား ကုမ္ပဏီသည် မော်တော်ယာဉ် ထုတ်လုပ်မှုအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်ကားများသည် အနာဂတ်တွင် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မိမိမျှော်လင့်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။ ယခုအချိန်တွင် မိမိမျှော်လင့်ခဲ့ရသော ရုပ်ကြွင်းလောင်စာသုံးမော်တော်ကားမှ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် လျှပ်စစ်ကားများ ပြောင်းလဲထုတ်လုပ်နိုင်သည့်အချိန်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဝီဒိုဒိုက ပြောကြားသည်။

 

မိမိနိုင်ငံတွင် လျှပ်စစ်ကားထုတ်လုပ်ရာ၌ သုံးစွဲနိုင်သည့် သယံဇာတများစွာရှိကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ ပြည်တွင်းထုတ် Hyundai IONIQ 5 လျှပ်စစ်ကားများ ပြည်တွင်းနှင့် ပြည်ပဈေးကွက်တွင် ဝင်ရောက်နေရာယူနိုင်ခဲ့ပါက အင်ဒိုနီးရှားနိုင်ငံအတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်ကား ထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် နီကယ်၊ ကိုဘော့၊ ကြေးနီ စသည့် ကုန်ကြမ်းပစ္စည်းများအား ပြည်ပသို့ အဓိကတင်ပို့သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ