မေ

အင်ဒိုနီးရှားနိုင်ငံအနောက်ဆူမားတြားပြည်နယ်ပါဒန်ပန်ဂျန်မြို့တွင်ယမန်နေ့နံနက်ပိုင်းက ဘတ်စ်ကားတိမ်းမှောက်မှုကြောင့်  လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ငါးဦးအထက် ဒဏ်ရာရရှိခဲ့သည်ဟု  တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

 အဆိုပါဘတ်စ်ကားသည် မီဒန်-ဂျာကာတာလမ်းပေါ်တွင် ဘရိတ်ချို့ယွင်းမှုကြောင့် ထိန်းချုပ်မှုပြတ်တောက်ပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ထိုဘတ်စ်ကားသည် ဘယ်ဘက်သို့ကွေ့ပြီးနေအိမ်ခြံစည်းရိုးကိုထိသွားခဲ့ခြင်းဖြစ်ကာ ကား၏ဘယ်ဘက်ခြမ်း တိမ်းမှောက်သွားချိန်တွင် ယာဉ်မောင်းဖြစ်သူသည် ညာဘက်ခြမ်းတွင်ထိုင်နေသဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်ဟု ပါဒန်ပန်ဂျန်မြို့ရှိ ပို့ဆောင်ရေးဌာနအကြီးအကဲ ရီဖာဂတ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ဘတ်စ်ကားပေါ်တွင် ခရီးသည် ၂၅ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်းနှင့် ထိခိုက်သေဆုံးသူအားလုံးကို ဒေသတွင်း ဆေးရုံ နှစ်ရုံသို့ ပို့ဆောင်ခဲ့ပေးခဲ့ကြောင်း ရီဖာဂတ်၏ပြောကြားချက်အရသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို