အောက်တိုဘာ ၂၁
အင်ဒိုနီးရှားနိုင်ငံ ဂိုရွန်တာလိုပြည်နယ် ဆူလာဝေစီကျွန်းတွင် ယမန်နေ့က ပြည်တွင်းလေကြောင်းလိုင်း SAM Air ၏ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါလေးဦးစလုံး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။
အဆိုပါ PK SMH အမျိုးအစားလေယာဉ်သည် Makassar AirNav တာဝန်ရှိသူများနှင့် အဆက်အသွယ်ပြတ်တောက်ပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ထိုလေယာဉ်သည် မနက် ၇ နာရီ ၃၀ မိနစ်က Djalaluddin Gorontalo လေဆိပ်မှထွက်ခွာခဲ့ပြီး Bumi Panua Pohuwato လေဆိပ်သို့ ဉီးတည်ပျံသန်းခဲ့သည်။ ယင်းလေယာဉ်သည် အဆက်အသွယ် ပြတ်တောက်ပြီး Bumi Panua Pohuwato လေဆိပ်အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာကဖော်ပြထားသည်။
လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူလေးဦးတွင် လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူး၊ အင်ဂျင်နီယာ တစ်ဦးနှင့် ခရီးသည်တစ်ဦးတို့ပါဝင်သည်။ လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို