အင်ဒိုနီးရှားနိုင်ငံ ပါပူအာ၌ အဓိကရုဏ်းဖြစ်ပွားပြီး ဆန္ဒပြသူများက ပါလီမန်

ဂျကာတာ ၂၀  ဩဂုတ်

အင်ဒိုနီးရှားနိုင်ငံ ပါပူအာ၌ ဩဂုတ် ၁၉ ရက်က ဆန္ဒပြသူ ထောင်ချီပါဝင်သည့် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ဒေသပါလီမန် အဆောက်အအုံတစ်ခု မီးရှို့ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လွတ်လပ်ရေးကို လိုလားသည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထိန်းသိမ်းခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့သည် အနောက် ပါပူအာပြည်နယ် မြို့တော် မာနိုကွာရီရှိ လမ်းများပေါ်သို့ ချီတက်စုဝေးခဲ့ကြပြီး ထိုသို့ချီတက်စုဝေးမှုက ပြည်သူ ၁၃၀ဝ၀ဝ ရှိသည့် မာနိုကွာရီမြို့ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ဆန္ဒပြသူအချို့သည် ဈေးဆိုင်များနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လမ်းညွှန်ဆိုင်းဘုတ်များကို လှဲချခဲ့ကာ အစိုးရအဆောက်အအုံများကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ပါလီမန်အဆောက်အုံကို ဆန္ဒပြသူများက မီးရှို့ခဲ့ကြကြောင်း အနောက်ပါပူ အာပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မိုဟာမက်လာကိုတာနီက က ကွန်ပတ်စ် ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်မြို့ စွန်နေရာ၊ ဈေးများ၊ ဆိပ်ကမ်းများနှင့် ဈေးဆိုင်များအားလုံး ထိခိုက်မှုများရှိခဲ့ပြီး လုပ်ငန်းဆောင်တာများအားလုံး အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

ဆန္ဒပြသူများက ပစ်ပေါက်သည့် ကျောက်ခဲထိမှန်မှုကြောင့် ရဲအရာရှိသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ လတ်တလောတွင် ဆန္ဒပြသူများထဲမှ ထိခိ်ုက်ဒဏ်ရာရသူ ရှိ မရှိ မသိရသေးပေ။ အဓိကရုဏ်းဖြစ်ပွားသည့်နေ့၌ အာဏာပိုင်များက ဒေသရှိကျောင်းများကို တစ်ရက်လုံးပိတ်ထားခဲ့သည်။ ဩစတြေးလျမြောက်ပိုင်း လွတ်လပ်သော ပါပူအာနယူးဂီနီနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ပါပူအာ၌ ဆယ်စုနှစ်တစ်ခုကြာအောင် အင်ဒိုနီးရှား၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ပုန်ကန်ထကြွမှု ဖြစ်ပွားခဲ့သည်။

အေအက်ဖ်ပီ