ဧပြီ ၂

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလူကူဒေသတွင် ယနေ့နံနက်က ပြင်းအား ၇ ဒသမ ၆ ပမာဏရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒအေဂျင်စီ (BMKG) က အစောပိုင်းက ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် သိသိသာသာ ပြောင်းလဲမှုမရှိသဖြင့် ထုတ်ပြန်ခဲ့သော ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းလိုက်ပါသည်။

အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ မြောက်ဆူလာဝေစီရှိ မီနာဟာဆာဒေသခံ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသည် ငလျင်လှုပ်ခတ်စဉ် ပြိုကျနေသော အဆောက်အအုံအပျက်အစီးများထိမှန်ကာ သေဆုံးခဲ့ကြောင်း မြောက်ဆူလာဝေစီ၏ မြို့တော် မာနာဒိုရှိ ဒေသခံရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

နိုင်ငံ၏အမျိုးသားဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ (BNPB) က ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အားပြင်း ငလျင်သည် မြောက်ဆူလာဝေစီရှိ ဘီတန်မြို့၏ အရှေ့တောင်ဘက်ရှိ ရေပြင်တွင် လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဘီတန်နှင့် အနီးတစ်ဝိုက်တွင် စက္ကန့် ၁၀မှ စက္ကန့် ၂၀အထိ အလွန်ပြင်းထန်သော တုန်ခါမှုကို ခံစားခဲ့ရသည်ဟု သိရသည်။

ပင်လယ်ပြင်တွင် ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်နှစ်ခုလည်း လှုပ်ခတ်ခဲ့ကြောင်းနှင့် ကနဦးထိခိုက်မှု အချက်အလက်များအရ တာနိတ်တွင် အပျော့စားမှ အသင့်အတင့်ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း နိုင်ငံ၏အမျိုးသားဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုငလျင်သည် မြောက်မာလူကူနှင့် မြောက်ဆူလာဝေစီတို့တွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်စေနိုင်သည့် အလားအလာရှိသည်ဟု ယင်းအေဂျင်စီကပြောကြားခဲ့ပြီး သတိပေးချက် နှင့် သတိထားရန် အဆင့်ဖြင့် အစောပိုင်းက ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းထားပြီး ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများကို ကမ်းခြေများနှင့် မြစ်ကမ်းပါးများမှ ဝေးဝေးနေရန်နှင့် တရားဝင်ညွှန်ကြားချက်များကို လိုက်နာရန် အကြံပြုထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို