အင်ဒိုနီးရှားနိုင်ငံက Novavax ကိုဖစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အတည်ပြု

ဂျကာတာ နိုဝင်ဘာ ၃

 

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Novavax က ထုတ်လုပ်သည့် Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် အတည်ပြုခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။

 

Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမည့် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ယနေ့တွင် ဂျပန်သတင်းဌာန အင်န်အိတ်ချ်ကေနှင့် တွေ့ဆုံမေးမြန်းရာတွင် အင်ဒိုနီးရှား ကျန်းမာရေး တာဝန်ရှိသူများက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အင်ဒိုနီးရှားနိုင်ငံသည် Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကမ္ဘာပေါ်တွင် အရေးပေါ် အသုံးပြုရန် ပထမဆုံး အတည်ပြုပေးခဲ့သည့်နိုင်ငံ ဖြစ်ကြောင်း Novavax ကုမ္ပဏီက ပြောကြားသည်။ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အလုံအလောက် ဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံလူဦးရေ ၏ ၇၀ ရာခိုင်နှုန်းကျော် သို့မဟုတ် လူဦးရေ သန်း ၂၀၀ ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရန် ရည်ရွယ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံ လူဦးရေ၏ ၃၆ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 

ဂျပန်နိုင်ငံအစိုးရသည် အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Novavax က ထုတ်လုပ် သည့် Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အလုံးရေ သန်း ၁၅၀ အထိဝယ်ယူရန် စာချုပ်ချုပ်ဆိုထား ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်