အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် ဆီတန်ချိန် ၅၃၀၀ ပါရှိသည့် စားအုန်းဆီတင်သင်္ဘောကြီး ရန်ကုန်မြို့သို့ရောက်ရှိ

ရန်ကုန် ဇွန် ၂၄

 

မြန်မာနိုင်ငံ၌ ဆီစားသုံးသူပြည်သူများ အဆင်ပြေစွာ ၀ယ်ယူသုံးစွဲနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းရေး၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ထပ်မံတင်သွင်းလာသည့် ဆီတန်ချိန် ၅၃၀၀ ပါရှိသည့် စားအုန်းဆီတင်သင်္ဘောကြီးသည် ဇွန် ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ်ရှိ ကြည်မြင့်တိုင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာပြီး ဆီသိုလှောင်ကန်များအတွင်းသို့ စားသုံးဆီများ ဖြည့်တင်ဆောင်ရွက်ကြသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီသိုလှောင်ကန်ကြီးများတွင် ဆီတန်ချိန် ၄၀၀၀၀ ကျော် ရှိပြီးဖြစ်ကြောင်း သိရသည်။

 

၎င်းဆီသိုလှောင်ကန်များမှ စားသုံးဆီများကို စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက သတ်မှတ်ထားသော စျေးနှုန်းများဖြင့် ပြည်သူများ၏လက်၀ယ်သို့ အမြန်ဆုံးဖြန့်ဖြူးရောင်းချနိုင်ရန် စားသုံးဆီတင် မော်တော်ယာဉ်ကြီးများဖြင့် ဆီထည့်သွင်းနေမှုအား ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာ၀န်ရှိသူများ ကြည့်ရူစစ်ဆေးကြသည်။

 

“ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီတွေကို ပြည်တွင်းဖူလုံရေးအတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဖြန့်ဖြူးမှုအနေနဲ့ လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ စားသုံးသူများရဲ့ လုပ်အပ်ချက်အတိုင်း အနီးစပ်ဆုံး လိုအပ်ချက်ပြည့်မီအောင် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဥပမာ ရန်ကုန်ဆိုလို့ရှိရင် ဆီတန်ချိန် တစ်သောင်းလေးထောင်ခန့်၊ မန္တလေးဆိုရင် ဆီတန်ချိန် ခုနစ်ထောင်ခန့် ဖြန့်ဖြူးပေးတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကိုလည်း လိုအပ်ချက်အတိုင်း လစဉ် ဖြန့်ဖြူးပေးလျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက စားသုံးဆီ တင်သွင်းဖြန့်ဖြူးနေမှုကို လာရောက်စစ်ဆေးစဉ် ပြောကြားသည်။

 

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က “လက်ရှိဖြန့်ချိရေးအပိုင်းမှာ ကုမ္ပဏီ ၂၆ ခုနဲ့ လစဉ်တန်ချိန် ၃ သောင်းကျော်သွင်းပြီး ဖြန့်ချိပေးနေပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ လက်လီဆိုင်ပေါင်း ၅၈၀၀ ကျော် ရှိပါတယ်။ အဲဒီဆိုင်တွေက နေ့စဉ်ထုတ်ရတဲ့ဆီ မြို့နယ်အလိုက် တစ်ရက်ကို ဆီပေပါ ၂၆၆၀ ကျော် ဖြန့်ချိပေးရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်က လက်ရှိ လူဦးရေ၊ ဝန်ထမ်းအင်အား၊ ဘာသာရေးအဖွဲ့အစည်းတွေအပါအဝင် လက်ဖက်ရည်ဆိုင်လေးတွေကအစ အကြော်အလှော်ဆိုင်လေးတွေအထိ တွက်ချက်ပြီး မြို့နယ်တစ်မြို့နယ်ချင်းအလိုက် သတ်မှတ်ချက်နဲ့အညီ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်” ဟု ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် ဆီစားသုံးသူပြည်သူများ စိတ်ချမ်းသာစွာ သုံးစွဲနိုင်ရန်အတွက် ဆီတင်သင်္ဘောကြီးများ စဉ်ဆက်မပြတ် ၀င်ရောက်နိုင်ရန် တာ၀န်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းက သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)