အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူတစ်ဦးကို ပထမဆုံးတွေ့ရှိ

ဂျကာတာ ဒီဇင်ဘာ ၁၇

 

အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ တစ်ဦးကို ပထမဆုံး တွေ့ရှိခဲ့ကြောင်းနှင့် ကူးစက်ဖြစ်ပွားသူမှာ မြို့တော်ဂျကာတာရှိ ကိုဗစ်-၁၉ ဆေးရုံတွင် အလုပ်လုပ်နေသော သန့်ရှင်းရေးအလုပ်သမားတစ်ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

 

အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူသည် ဖျားနာခြင်း သို့မဟုတ် ချောင်းဆိုးခြင်းစသည့် လက္ခဏာရပ်များ မပြကြောင်း ဆာဒီကင်က ဗာကျူရယ်စနစ်သုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ ထို့အပြင် ၎င်းသည် နိုင်ငံရပ်ခြားသို့ တစ်ခါမှ မရောက်ဖူးသူလည်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အလုပ်သမားသည် ဒီဇင်ဘာ ၈ ရက်က နေ့စဉ် ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ရရှိခဲ့သော နမူနာကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးပို့စစ်ဆေးရာ ဒီဇင်ဘာ ၁၅ ရက်က အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနသည် နောက်ထပ် သံသယဖြစ်ဖွယ် အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားလျက်ရှိသူ ငါးဦးကိုလည်း တွေ့ရှိထားသည်။

 

၎င်းတို့အား ပီစီအာရ် စမ်းသပ်စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ထပ်မံပြီး အသေးစိတ် စမ်းသပ်စစ်ဆေးမှု များကို လုပ်ဆောင်ခဲ့ကြောင်းနှင့် နောက်ထပ်သုံးရက်အတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်သစ်ကူးစက် ဖြစ်ပွားခြင်း ရှိ၊မရှိ ဆိုသည့် ရလဒ်ကို အတည်ပြုပေးနိုင်မည်ဖြစ်ကြောင်း ဆာဒီကင်က ပြောသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ကူးစက်မြန်ပြင်းထန် ဒယ်လ်တာ ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ စတင်ခဲ့သော ကိုဗစ်-၁၉ ဒုတိယလှိုင်းကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

 

ဆင်ဟွာ