အင်ဒိုနီးရှားနိုင်ငံ၌ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းဦးရေလေးသန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ထိုးနှံပေး

ဇူလိုင် ၂၈

 

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်မျိုးကွဲကူးစက်မှုများ မြင့်မားနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းဦးရေ လေးသန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်မြောက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဂူနာဒီဆာဒီကင်က ယမန်နေ့ကပြောကြားသည်။

 

လွန်ခဲ့သောဩဂုတ်လက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ်ထိုးနှံပေးခဲ့ပြီး ယခုအချိန်သည် ကိုဗစ်ကာကွယ်ဆေးထပ်မံထိုးနှံရမည့် အချိန်ဖြစ်သည်ဟု ဆာဒီကင်က ဒေသခံမီဒီယာကို ပြောကြားသည်။

 

၎င်းတို့၏ကိုယ်ခံအားစနစ် ပြန်လည်အားကောင်းလာစေရန် ကိုဗစ်ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ထိုးနှံမှုခံယူရန် လိုအပ်ကြောင်းနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ဦးစားပေးထိုးနှံသွားမည်ဖြစ်ကြောင်း ဆာဒီကင်က ပြောကြားသည်။

 

လက်ဝယ်ရှိသော ကာကွယ်ဆေးပမာဏသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးအတွက် အသုံးပြုရန်လုံလောက်သည်ဟု ၎င်းကထပ်လောင်းပြောသည်။

 

နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်မျိုးကွဲ BA.4နှင့် BA.5 ကူးစက်မှုများကြောင့် မကြာသေးမီက ကိုဗစ်ရောဂါ  ကူးစက်မှုများပြန်လည်မြင့်မားလာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို