အင်ဒိုနီးရှားနိုင်ငံ၌ ဆူနာမီ ၁၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

ဂျကာတာ     ဒီဇင်ဘာ     ၂၆

အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က   လှုပ်ခတ်ခဲ့သော အိန္ဒိယသမုဒ္ဒရာ ဆူနာမီ၏ ၁၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို    ယနေ့  ကျင်းပခဲ့သည်။

လူပေါင်း ၁၆၀၀၀၀ ကျော် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ  ဆူမတြားကျွန်းကမ်းလွန်တွင် ကြီးမားသော ငလျင်လှုပ်ခတ်မှုမှတစ်ဆင့်    ဆူနာမီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။   ၎င်းဆူနာမီမုန်တိုင်းကြောင့် အာချေးပြည်နယ်တွင် လူပေါင်း ၁၆၀၀၀၀ ကျော် သေဆုံးခဲ့သည်။

အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့တွင်  ပြည်နယ်မြို့တော်  ဘန်ဒါအာချေး၌ ကျင်းပခဲ့ပြီး  ဥဩမြည်သံများကြားတွင် ငလျင်လှုပ်ခတ်ချိန် နံနက် ၈ နာရီတွင် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ဆူနာမီဖြစ်စဉ်အတွင်း အသက်ရှင်ကျန်ရစ်သူတစ်ဦးက ၎င်း၏အတွေ့အကြုံကို အခြားသူများအား မျှဝေခဲ့သည်။

၎င်းဖြစ်စဉ်အတွင်း နဂါးတစ်ကောင်ကဲ့သို့ ဒီရေတက်လာသည်ကို   မြင်ရသည့်အတွက် တုန်လှုပ်သွားပြီး  မပြေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါအဖြစ်ဆိုးကို ဘယ်တော့မှ မမေ့နိုင်ကြောင်း ဆူနာမီဘေးအန္တရာယ်ကြောင့် သားဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် အသက် ၆၃ နှစ်အရွယ်   အမျိုးသားတစ်ဦးက ပြောကြားသည်။

အာချေးပြည်နယ် အာဏာပိုင်များသည် ဆူနာမီကြောင့် ပျက်စီးသွားသော နေအိမ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းကဲ့သို့သော  သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ လေ့ကျင့်မှုများကို လေ့ကျင့်လျက်ရှိသည်။

၂၀၁၁ ခုနှစ်တွင်  လှုပ်ခတ်ခဲ့သော ငလျင်နှင့်  ဆူနာမီလှိုင်းလုံးကြီးများကို  ကြုံတွေ့ခဲ့ရသော  သဘာဝ ဘေးများကို ကျော်လွှားရေးအတွက်    ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ရန်   အင်ဒိုနီးရှား တာဝန်ရှိသူများက  ဆောင်ရွက်နေသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ