အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသဖြင့် တောင်တက်သမား ၁၁ ဦး သေဆုံး

ဒီဇင်ဘာ ၄

အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်းရှိ မာရာပီမီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တောင်တက်သမား ၁၁ ဦးထက်မနည်းသေဆုံးပြီး အခြားလူအနည်းငယ်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းကယ်ဆယ်ရေး တာဝန်ရှိသူ တစ်ဦးက ယနေ့တွင်ပြောကြားသည်။

အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ပထမအဆင့်တွင် တောင်တက်သမား ၄၉ ဦးကို ရှာဖွေတွေ့ရှိခဲ့ရာ ၎င်းတို့အားလုံးကို အသက်ရှင်လျက်တွေ့ရှိရသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အချို့သောသူများသည် ၎င်းတို့၏ ကျန်းမာရေးအခြေအနေကောင်းမွန်သဖြင့် နေအိမ်သို့ပြန်သွားခဲ့သည်။ ဒုတိယအဆင့်တွင် တောင်တက်သမား ၁၄ ဦးကိုရှာဖွေတွေ့ရှိခဲ့ရာ သုံးဦးအသက်ရှင်ပြီး အခြား ၁၁ ဦး သေဆုံးခဲ့သည်ဟု ရှာဖွေရေးနှင့်ကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲက ပြောကြားသည်။ ထိုသုံးဦးသည် မီးတောင်ပေါက်ကွဲသည့်အချိန်တွင် နိုင်ငံအနောက်ပိုင်းရှိတောင်ခြေသို့ သွားခဲ့ကြသည်ဟု သိရသည်။

အာဏာပိုင်များက မှတ်တမ်းအထောက်အထားရှိသည့်တောင်တက်သမားစုစုပေါင်း ၇၅ ဦးကို ရှာဖွေရန် လူ ၁၀၀ နီးပါးသုံးထားကြောင်း ဖော်ပြထားသည်။ မာရာပီမီးတောင်သည် ပင်လယ်ရေမျကနှာပြင်အထက် မီတာ ၂၈၉၁ အထက်တွင် ရှိပြီး ယမန်နေ့မှစတင်ကာပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုမီးတောင်ပေါက်ကွဲမှုကြောင့် မီတာ ၃၀၀၀ အထက်သို့ ပြာမှုန်များပန်းထွက်သွားကာ အနီးဝန်းကျင်ဒေသသို့ မီးတောင်ပြာမှုန်နှင့် ကျောက်တုံးများ လွင့်စင်ပျံ့နှံ့သွားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို