အင်ဒိုနီးရှားသမ္မတနှင့် တီမောလက်စတေသမ္မတတို့   စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်သဘောတူ

ဂျကာတာ   ဇူလိုင်   ၂၀

အင်ဒိုနီးရှားသမ္မတ  ဂျိုကိုဝီဒိုဒိုနှင့်  တီမော လက်စတေသမ္မတ  ဂျို့စ်ရာမို့စ်-ဟော်တာတို့သည် ဇူလိုင် ၁၉ ရက်တွင်  အင်ဒိုနီးရှားနိုင်ငံ   သမ္မတ အိမ်တော်၌ တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

မိမိတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စ ရပ်အသီးသီးကို ပွင့်လင်းမြင်သာစွာဆွေးနွေးခဲ့ကြကြောင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေးကတိကဝတ်သည် မိမိတို့၏ အဓိက ဦးစားပေးကိစ္စဖြစ်ကြောင်း   တီမောလက်စတေ သမ္မတ ဂျို့စ်ရာမို့စ်-ဟော်တာနှင့်  တွေ့ဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

 အင်ဒိုနီးရှားနှင့်  တီမောလက်စတေ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆိုင်ရာ တိုးမြှင့်မှုသည် အပြု သဘောဆောင်သည့် လမ်းကြောင်းသစ်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ကူပန်မြို့နှင့်  တီမောလက်စတေ နိုင်ငံ၏မြို့တော်  ဒီလီတို့အကြား ဘတ်စ်ကားလမ်း ကြောင်းနှင့် ကူပန်-ဒီလီ-ဒါဝန် အကြား သင်္ဘောလမ်း ကြောင်းတို့ကိုလည်း မကြာမီကာလအတွင်း ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း သိရသည်။                                   
                                      
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်