အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ပရာဘိုဝို ဆူဗီရန်တို အနိုင်ရရှိဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး စီရင်ချက်ချ

 

ဂျကာတာ ဧပြီ ၂၃

အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတလောင်း ပရာဘိုဝို ဆူဗီရန်တိုအပေါ် ရွေးကောက်ပွဲတွင် မဲမသမာမှုကျူးလွန်ကြောင်းစွဲချက်တင်ခဲ့သည့် အခြားပြိုင်ဘက် သမ္မတလောင်းနှစ်ဦးဖြစ်သည့် အန်နီဘာ့ဝေးဒန်နှင့် ဂန်ဂျာပရာနိုဝိုတို့၏ စွပ်စွဲချက်များကို ယမန်နေ့ကပယ်ချခဲ့ပြီး ရွေးကောက်ပွဲတွင် ပရာဘိုဝို ဆူဗီရန်တို အနိုင်ရရှိကြောင်း စီရင်ချက်ချခဲ့သည်။

“တရားရုံးက တရားလိုတွေရဲ့ စွဲချက်အားလုံးကို ပယ်ချပါတယ်” ဟု ကြားနာမှုအတွင်း တရားသူကြီးချုပ် ဆူဟာတိုယိုက ပြောကြားခဲ့သည်။ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း၌ အန်နီနှင့် ဂန်ဂျာတို့ကရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ မဲမသမာမှုများရှိကြောင်းစွပ်စွဲကာ ပရာဘိုဝိုနှင့် ၎င်း၏မဟာမိတ် ကိုယ်စားလှယ်ဖြစ်သူ ဂျီဘရန်း ရာကာဘူမင်ရာကာတို့အား တရားစွဲဆိုခဲ့သည်။

ကျိုးကြောင်းခိုင်လုံမှုမရှိ

ပရာဘိုဝိုနှင့် ၎င်း၏မဟာမိတ် ကိုယ်စားလှယ်ဖြစ်သူ ဂျီဘရန်း ရာကာဘူမင်ရာကာတို့အား ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနှင့် မဲလိမ်လည်မှုများဖြင့် စွဲချက်တင်ခဲ့သည့်အပြင် ဂျီဘရန်း၏ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံပိုင်ခွင့်ဆိုင်ရာ တရားဝင်မှုအပေါ် မေးခွန်းထုတ်ခဲ့သည်။ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်းနှစ်ဦး၏ စွပ်စွဲချက်များမှာ စွဲချက်တင်ရန် ကျိုးကြောင်းခိုင်လုံမှုမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်ခဲ့သည်။ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ တရားရုံးမှ စီရင်ချက်မချမီ ရက်ပိုင်းအလိုတွင် ပရာဘိုဝိုက ၎င်းအား ထောက်ခံသူများကို လမ်းပေါ်ထွက်၍ ဆန္ဒမဖော်ထုတ်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရေးအတွက် တောင်းဆိုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတသစ်အဖြစ် ပရာဘိုဝို ဆူဗီရန်တိုသည် အောက်တိုဘာလတွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ