အင်ဒိုနီးရှားသင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ၃၁ ဦးကယ်တင်နိုင်ခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်

ဂျကာတာ မေ ၃၀

 

မေ ၂၆ ရက်က အင်ဒိုနီးရှားကမ်းလွန်ပင်လယ်တွင် ကူးတို့သင်္ဘောတစ်စင်း လောင်စာဆီကုန်သွားပြီး နစ်မြုပ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ လူ ၃၁ ဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး ကျန် ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားသည်။

 

KM Ladang Pertiwi အမည်ရှိ အဆိုပါကိုးတို့သင်္ဘောသည် မေ ၂၆ ရက်က တောင်ဆူလာဝေစီပြည်နယ်ရှိ မာကာဆာရေလက်ကြားကို ဖြတ်ပြီးခုတ်မောင်းနေစဉ် လောင်စာဆီကုန်ပြီး နစ်မြုပ်ခဲ့ခြင်းဖြစ်၍ အနီးအနားရှိ ဆွဲသင်္ဘောများနှင့် ငါးလုပ်သားများက အသက်ရှင်ကျန်ရစ်သူအများအပြားကို ကမ်းပေါ်သို့ သယ်ဆောင်ခဲ့ကြောင်း သိရသည်။

 

သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ လူ ၃၁ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး ကျန် ၁၁ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဒီဂျူနိုင်ဒီက ပြောကြားသည်။ ကယ်တင်ခြင်းခံရသူများသည် ၎င်းတို့၏ နေအိမ်သို့ ယခုရောက်ရှိခဲ့ကြပြီး အများစုမှာ ကျန်းမာရေးကောင်းမွန်ကြကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ကူညီကယ်ဆယ်ရေးသမားများသည် ရဟတ်ယာဉ်တစ်စင်းကို အသုံးပြုပြီး သင်္ဘောနစ်မြုပ်သည့်နေရာမှ ရေမိုင် ၂၀ တိုးချဲ့ကာ ကူညီရှာဖွေရေးလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် ခရီးသည်များပို့ဆောင်ရန် ခွင့်ပြုချက်မရှိသည့်အတွက်  ရေယာဉ်မှူးနှင့် သင်္ဘောပိုင်ရှင်ကို စစ်ကြောမေးမြန်းရန် တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း သိရသည်။

 

ကျွန်းပေါင်း ၁၇၀၀၀ ခန့်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့်အင်ဒိုနီးရှားနိုင်ငံတွင် ဘေးကင်းလုံခြုံမှုစံနှုန်း ညံ့ဖျင်းမှုကြောင့် ရေကြောင်းမတော်တဆမှု မကြာခဏဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့်သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့နူဆာတင်ဂါရာပြည်နယ်ရှိ ရေတိမ်ပိုင်းတွင် လူ ၈၀၀ ကျော် တင်ဆောင်သောကူးတို့ သင်္ဘောတစ်စင်း သောင်တင်ပြီး နှစ်ရက်ကြာပိတ်မိခဲ့သည်။ သို့သော် အခင်းဖြစ်မှုတွင် လူတစ်စုံတစ်ဦးမျှထိခိုက် ဒဏ်ရာရမှုမရှိကြောင်း သိရသည်။ 

 

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံဆူမတြားကျွန်းရှိ ကမ္ဘာ့အနက်ဆုံးရေအိုင်များအနက်တစ်ခုအပါ အဝင်ဖြစ်သောရေအိုင်တွင် ကူးတို့သင်္ဘောတစ်စင်းနစ်မြုပ်မှုကြောင့် လူ ၁၅၀ ကျော် ရေနစ်သေဆုံးခဲ့သည်။ 

 

ကိုးကား- အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ