ဂျကာတာ မေ ၂၈
အင်ဒိုနီးရှား အနောက်ဆူမားတြားပြည်နယ်ရှိ အန်ဒါလက်စ်တက္ကသိုလ်မှ သုတေသီများသည် ဒေသထွက် ဆေးဖက်ဝင်အပင်များ ပေါင်းစပ်ခြင်းဖြင့် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါများကို ကုသရာတွင် အကူအညီဖြစ်နိုင်ခြင်း ရှိ မရှိကို စူးစမ်းလေ့လာလျက်ရှိကြောင်း အဆိုပါတက္ကသိုလ်က ပြောကြားသည်။
သုတေသနစင်တာသည် ရိုးရာဆေးဖက်ဝင်အပင် သုံးမျိုး၏ ပေါင်းစပ်မှုနှင့်ပတ်သက်၍ စူးစမ်းမှုဖြစ်ကြောင်း တက္ကသိုလ်၏ စိုက်ပျိုးရေးနည်းပညာမဟာဌာနမှ ပါမောက္ခ ဖောင်ဇန် အဇီမာက ပြောကြားသည်။
ဆီးချိုရောဂါနှင့် သွေးတိုးရောဂါများသည် အလွန်ဆက်စပ်မှုရှိသည့် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါများဖြစ်ပြီး အဆိုပါရောဂါ နှစ်ခုစလုံးသည် နာတာရှည်ရောင်ရမ်းမှုနှင့် အင်္ဂါအစိတ်အပိုင်းများ တဖြည်းဖြည်းချင်း ပျက်စီးခြင်းတို့ ဖြစ်စေနိုင်သည်။ ဓာတ်ခွဲခန်းတွေ့ရှိချက်များအရ ပေါင်းစပ် ထုတ်ယူမှုရလဒ်များသည် အခြေအနေနှစ်ခုလုံး ခံစားနေရသည့် တိရစ္ဆာန်များတွင် သွေးတွင်းဂလူးကို့စ်ပမာဏနှင့် သွေးဖိအားများ မူလအတိုင်းပြန်ဖြစ်ရန် အကူအညီပေးကြောင်း တွေ့ရှိရသည်။
အင်ဒိုနီးရှားတက္ကသိုလ်များမှ သုတေသီများက လုပ်ဆောင်ထားသည့် အဆိုပါလေ့လာမှုသည် လူသားများတွင် အသုံးမပြုသေးမီ ဘေးကင်းစိတ်ချရမှုအတွက် နောက်ထပ်လေ့လာမှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ


