အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ ဦးရေ တစ်သန်းကျော် ရှိလာ

၂၇  ဇန်နဝါရီ

 

 

အင်ဒိုနီးရှား နိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လမှ စတင်ကာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုများ ပထမဆုံး ဖြစ်ပွားခဲ့ရာ ရောဂါ ကာကွယ်ဆေး ထိုးနှံနေသည့် လက်ရှိအချိန်တွင် ကူးစက်ခံရသူ ဦးရေ တစ်သန်းကျော် ရှိလာသည်။

 

 

ကမ္ဘာတစ်ဝန်းရှိ လူဦးရေ အထူထပ်ဆုံး နိုင်ငံများတွင် စတုတ္ထမြောက် နိုင်ငံဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၃၀၉၄ ဦး အထိ မြင့်တက်လာပြီး ကူးစက်ခံရသူပေါင်း ၁၀၁၂၃၅၀ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

 

ရောဂါကူးစက် ခံရပြီးနောက် ကျန်းမာရေး ပြန်လာကောင်းမွန်လာသူ ဦးရေ ၈၂၀၀၀၀ ခန့် ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် လူပေါင်း ၂၈၀၀၀ ကျော် သေဆုံးခဲ့သည်။

 

 

အင်ဒိုနီးရှား နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှု အများဆုံး နိုင်ငံဖြစ်သည်။

 

 

နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုစလုံးတွင် ရောဂါ ကူးစက်ပျံ့နှံ့နေပြီး မြို့တော် ဂျကာတာတွင် ကူးစက်မှု အများဆုံးဖြစ်သည်။ အရှေ့ဂျာဗားတွင် သေဆုံးမှု အများဆုံးဖြစ်သည်။

 

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ရာ ပထမအုပ်စုတွင် ကျန်းမာရေး လုပ်သားများကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

 

 

တရုတ်ဆေးဝါး ကုမ္ပဏီ Sinovac Biotech ထုတ် ကိုဗစ် ကာကွယ်ဆေးကို သမ္မတ ဂျိုကိုဝီဒိုဒို ပထမဆုံး ထိုးနှံခဲ့ပြီး နောက်တစ်နေ့တွင် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို