အင်ဒိုနီးရှားဝန်ကြီးတစ်ဦးကို လာဘ်ပေးလာဘ်ယူပြုလုပ်မှုဖြင့် တရားစွဲ

ဂျကာတာ ဒီဇင်ဘာ ၇ 

ကိုဗစ်-၁၉ ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်တစ်ခုနှင့် ဆက်စပ်ပြီး ဒေါ်လာတစ်သန်းကျော်ဖိုး လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့မှုဖြင့် အင်ဒိုနီးရှား လူမှုရေးဝန်ကြီး ဂျူးလီယာရီ ဘာတူဘာရာကို တရားစွဲဆိုထားကြောင်း သိရသည်။

အစိုးရနှင့် အစားအသောက်ပို့ဆောင်သည့် ကုမ္ပဏီနှစ်ခုအကြား ပြုလုပ်ခဲ့သည့် သဘောတူညီမှုမှ အစပြုကာ အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

အစားအသောက် ပို့ဆောင်ရန် လိုအပ်သည့်နေရာများသို့ ပို့ဆောင်သည့် အစားအသောက်ပါဆယ် တစ်ပွဲစီတိုင်းအတွက် ဆင့် ၇၀ ပေးရန် ဘာကူဘာရာက အဆိုပါ ကုမ္ပဏီများသို့ တောင်းခံခဲ့ကြောင်း အာဏာပိုင်များက စွပ်စွဲထားသည်။ ယခု ဖြစ်ရပ်သည် အင်ဒိုနီးရှားနိုင်ငံ၌ ရက်သတ္တနှစ်ပတ်အတွင်း အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး လာဘ်စားမှုဖြင့် ဒုတိယအကြိမ် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် အကျင့်ပျက်ခြစားမှုကို အမြစ်ပြတ်အောင် လုပ်ဆောင်မည်ဟု အလေးအနက်ကတိပြုခဲ့သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏ လုပ်ဆောင်ချက်များအပေါ် သံသယဖြစ်လာစေခဲ့ကြောင်း၊ နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့သည်။ သို့ရာတွင် သမ္မတ ဂျိုကိုဝီဒိုဒိုက ယင်းကဲ့သို့ လုပ်ရပ်များကို သည်းမခံနိုင်ကြောင်းနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ