အင်္ဂလန်အတွက် ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေး အသွားအလာကန့်သတ်မှု ပုံစံအသစ် ဒီနေ့ ထုတ်ပြန်မယ်

၁၂ အောက်တိုဘာ

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့ အင်္ဂလန်အတွက် ဗိုင်းရပ်စ်ပိုးသတိပေး အဆင့် ၃ မှာ ပါရှိတဲ့ စည်းမျဉ်းတွေကို ဒီနေ့ (တနင်္လာနေ့)မှာ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

 

တခြားဉရောပနိုင်ငံတွေလို ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေး နဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုလျော့ချနိုင်ရေးကို ပါ စဉ်းစားထားတဲ့ ဗိုင်းရပ်စ်ပိုး သတိပေးစနစ်သစ်ကို ပြုစုထားတယ်လို့ သိရပါတယ်။

 

အင်္ဂလန်အတွင်းရှိဒေသတွေကို ဗိုင်းရပ်စ်ပိုး ကူးစက်မှု အခြေအနေကို လိုက်ပြီး အလယ်အလတ်အဆင့်၊ အမြင်ဆုံးအဆင့် နဲ့ စိုးရိမ်ရတဲ့အဆင့်  စသည်ဖြင့် ခွဲခြားပြီး ဗိုင်းရပ်စ်ပိုးကူးစက်မှုကို တားမြစ်သွားဖို့ ရည်ရွယ်ထားပါတယ်။

 

လီဗာပူးမြို့မှာတော့ အဆင့် ၃ တနည်းအားဖြင့် စိုးရိမ်ရတဲ့ အဆင့်အောက်မှာ ထားရှိမယ်လို့ မျှော်လင့်ရပါတယ်။ လီဗာပူးမြို့မှာ လူဦးရေ တစ်သိန်းတွင်  ၆၀၀ ဦးမှာ  ဗိုင်းရပ်စ်ပိုးတွေ့ရှိပါတယ်။ အင်္ဂလန်နိုင်ငံတစ်ခုလုံးအတွက်မှာတော့ ပျမ်းမျှအားဖြင့် ၇၄  ဦးမှာ ပိုးတွေ့ရှိကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ်ဂျွန်ဆင်က လွှတ်တော်တွင်း  ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေကို ဒီနေ့ တနင်္လာနေ့မှာ ဆွေးနွေးအပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်မှာ ဝန်ကြီးချုပ်ရဲ့နေမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး နိုင်ငံကို ကြေညာသွားမယ်လို့ ဆိုပါတယ်။

 

တနင်္ဂနွေနေ့မှာ ပိုးတွေ့ရှိသူ ၁၂,၈၇၂ ဦးရှိတဲ့အတွက် စနေနေ့က ပိုးတွေ့ရှိသူထက် ၂,၂၉၄ ဦး လျော့နည်းသလို သေဆုံးသူအရေအတွက်မှာလည်း တနင်္ဂနွေနေ့က ၆၅ ဦး သေဆုံးပြီး စနေနေ့က ၈၁ ဦး သေဆုံးကြောင်း သိရပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၆၀၃,၇၁၆ ဦး နဲ့ သေဆုံးသူ ၄၂,၈၂၅ ဦးရှိကြောင်း ထုတ်ပြန်ချက် အရသိရပါတယ်။

 

MDN

ကိုးကား - AFP