ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးကွာတား ဖိုင်နယ်ပွဲစဉ်မှ အင်္ဂလန်နှင့် ပြင်သစ်အသင်းတို့ ပွဲစဉ်တွင် ပြင်သစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့သည်။
ယခုပွဲစဉ်မှာ အင်္ဂလန်အသင်းသည် ယခင်ပွဲစဉ်များထက်သာလွန်သည့် စွမ်းဆောင်နိုင်မှုမျိုး ထုတ်ပြနိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်စွမ်း မရှိခဲ့ချေ။
ပြင်သစ်အသင်းက ပွဲအစကတည်းက အဝင်အထွက်မှန်မှန်၊ အပေးအယူ အချိတ်အဆက်မိမိဖြင့် ချဉ်းကပ်လာခဲ့ပြီး ရရှိလာသည့် အခွင့်အရေးကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သည်။
ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်တွင် ပြင်သစ်အသင်းက စတင်ရရှိခဲ့ပြီး ချာအာမန်နီက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် အင်္ဂလန်အသင်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၅၄ မိနစ်တွင် ရရှိခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် ဟယ်ရီကိန်းက သွင်းယူနိုင်ခဲ့သည်။ အဆိုပါသွင်းဂိုးကြောင့် အင်္ဂလန်အသင်း၏ ဂိုးအများဆုံးစံချိန်တင်သွင်းယူထားသူ ရွန်းနေ၏ ၅၃ ဂိုး စံချိန်ကို လိုက်မီခဲ့သည်။
ပြင်သစ်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် ရရှိခဲ့ပြီး ဂျီရုဒ်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် အင်္ဂလန်အသင်း ပယ်နယ်တီ ကန်သွင်းခွင့်ထပ်မံရရှိခဲ့သော်လည်း ဟယ်ရီကိန်းကန်သွင်းသော်လည်း ဂိုးအပေါ် ကျော်သွားခဲ့သဖြင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။
ထို့နောက်တွင် နှစ်သင်းစလုံး လူစားအပြောင်းအလဲများ ပြုလုပ်ကာ သွင်းဂိုးရရှိရေးကြိုးစားလာခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း မရှိသောကြောင့် ပြင်သစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုပွဲအနိုင်ရရှိခဲ့သော ပြင်သစ်အသင်းသည် ဆီမီးဖိုင်နယ်တွင် မော်ရိုကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်