အင်္ဂလန်နိုင်ငံတွင် သီတင်းပတ်တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၆၀ ရာခိုင်နှုန်းမြင့်တက်

လန်ဒန်   ၁၂  စက်တင်ဘာ

လူစုလူဝေးတားမြစ်ချက် စတင်အာဏာ သက်ရောက်မှု မရှိသေးမီရက်များက ကိုဗစ်-၁၉ တရားဝင်ကူးစက်မှုများ အင်္ဂလန်နိုင်ငံတစ်ဝန်း မြင့်တက်လာနေချိန်တွင် အင်္ဂလန်နိုင်ငံ၏ ကိုဗစ်၁၉ကူးစက်မှုသည် ဩဂုတ်၃၀ ရက်မှ စက်တင်ဘာ ၅ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း ၆၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရားဝင် ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

အမျိုးသားစာရင်းအင်းဆိုင်ရာ ဗြိတိန်ရုံးက သီတင်းပတ်တစ်ပတ်အတွင်း အင်္ဂလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်နေ့လျှင် ၃၂၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၂၀၀၀ ရှိချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းသည် လွန်ခဲ့သော သီတင်းပတ်က ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဗြိတိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေချိန်တွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတနင်္လာနေ့မှစကာ လူခြောက်ဦးထက် ပိုပြီး စုဝေးခွင့်ကို တားမြစ်ထားကြောင်း သိရသည်။

အမျိုးသားစာရင်းအင်းဆိုင်ရာ ဗြိတိန်ရုံး၏ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်း ၃၂၀၀ ဝန်းကျင်ရှိကြောင်း ခန့်မှန်းတွက်ချက်မှုသည် နိုင်ငံတစ်ဝန်း လတ်တလော နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသူ တရားဝင် ကိန်းဂဏန်း အရေအတွက်ဆိုင်ရာ သတင်းပေးပို့မှုထက် အနည်းငယ် မြင့်မားလျက်ရှိသည်။

စက်တင်ဘာ ၁၀ ရက်က ဗြိတိန်တစ်ဝန်း နေ့စဉ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၂၉၁၉ ဦးရှိခဲ့ပြီး စက်တင်ဘာ ၉ ရက်က ၂၆၅၉ ဦးရှိခဲ့သည်။ ဗြိတိန်၏ နေ့စဉ်ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုသည် ဩဂုတ်လက ၁၀၀၀ နီးပါးရှိခဲ့ရာမှ ယခု အခါတွင် အဆိုပါပမာဏထက် များစွာမြင့်တက်လာခဲ့သည်။

အေအက်ဖ်ပီ