အင်္ဂလန်တစ်နိုင်ငံလုံးကို အသွားအလာကန့်သတ်မှု ပြန်လုပ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး သတိပေး

၁၈ စက်တင်ဘာ

အင်္ဂလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်မှု များပြားနေတဲ့အတွက် တစ်နိုင်ငံလုံးကို အသွားအလာကန့်သတ်မှု (lockdown) ပြန်လုပ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက ဒီနေ့ (သောကြာနေ့)မှာ သတိပေးလိုက်ပါတယ်။

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူစက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ များပြားနေကြောင်းနဲ့ ဆေးရုံမှာကုသနေမှု ရာနှုန်းမှာ ၈ ရက်တိုင်းမှာ နှစ်ဆဖြစ်နေတာကိုလည်း တွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးက အခုပြဌာန်းထားတဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို လိုက်နာဖို့ အထူးလိုအပ်ကြောင်း၊ နိုင်ငံတစ်ခုလုံးကို အသွားအလာကန့်သတ်မှု မလုပ်ချင်ကြောင်း၊ ဒါပေမယ့် နိုင်ငံသားတွေရဲ့ အသက်ကို ကာကွယ်ရန်အတွက် lockdown လုပ်ဖို့ လိုအပ်ရင် အသွားအလာကန့်သတ်မှု (lockdown) လုပ်ဖို့ ပြင်ဆင်ထားကြောင်း ပြောပါတယ်။

အင်္ဂလန်အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဒေသခြောက်ခုမှ ဒေသခံတွေဟာ တစ်အိမ်နဲ့တစ်အိမ် အလည်သွားရောက်ခြင်းနဲ့ အိမ်တွေရဲ့ ပန်းခြံတွေထဲမှာ တွေ့ဆုံခြင်းကို ဒီနေ့ သောကြာနေ့ကစပြီး တားမြစ်လိုက်ပါတယ်။

ဒါ့အပြင် အဲဒီဒေသတွေမှာ စားသောက်ဆိုင်များမှာလည်း သတ်မှတ်ထားတဲ့ စားပွဲခုံများတွင်သာ စားသောက်ခွင့်ရှိခြင်း၊ ဘုံဆိုင်တွေနဲ့ ဘားတွေကို ည ၁၀ နာရီအထိသာ ဖွင့်ခွင့်ရှိခြင်း စတဲ့ စည်းမျဉ်းသစ်တွေနဲ့ ဒီနေ့ သောကြာနေ့ကစပြီး တားမြစ်လိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး အင်္ဂလန်နိုင်ငံတစ်ခုလုံးမှာ လူ ၆ ဦးထက်ပိုပြီး စုဝေးခွင့်မရှိကြောင်း စည်းမျဉ်းပြဌာန်းပြီး ဖြစ်ပါတယ်။

ဝန်းကြီးချုပ်ဂျွန်ဆင်က နိုင်ငံသားတွေအား ဒုတိယလှိုင်းကို ရပ်တန့်အောင် အစိုးရက ပြဌာန်းထားတဲ့ စည်းမျဉ်းအသစ်တွေကို လိုက်နာဖို့လိုအပ်ကြောင်းနဲ့ အခုလို လုပ်ဆောင်ခြင်းအားဖြင့် ခရစ်မတ်အချိန်မှာ ပျော်ရွှင်နိုင်မှာဖြစ်ကြောင်း ပြောပါတယ်။

ဒီသီတင်းပတ်အတွင်းမှာ လူပေါင်း ၁၈,၃၇၁ ဦးမှာ ဗိုင်ရင်းပိုးတွေ့ရှိခဲ့ရာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ၇၅ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၂,၀၀၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MDN

ကိုးကား- AFP