အင်္ဂပူမြို့နယ်၌ ပြိုကျပျက်စီးနေသော စေတီတော်အတွင်းမှ အရွယ်အစားမျိုးစုံ ငွေ/ကြေးဆင်းတုတော် ၉၄ ဆူ တွေ့ရှိ

အင်္ဂပူ ၁၆ ဇွန်

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဇီးကုန်းကျေးရွာ လယ်ပြင်ဘုန်းကြီးကျောင်းမှကျောင်းထိုင်ဆရာတော် ဦးနန္ဒောဘာသ ဦးဆောင်၍ ကျေးရွာ သူ/သား ၁၀ ဦးခန့်တို့သည် အဆိုပါဘုန်းကြီးကျောင်းအတွင်းရှိ ပြိုကျပျက်စီးနေသော စေတီတော် အဟောင်းမှ အုတ်များအား စေတီတော်အသစ်တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် သယ်ယူစဉ် စေတီတော်အတွင်းမှ အရွယ်အစားမျိုးစုံ ငွေနှင့် ကြေးဆင်းတုတော် ၉၄ ဆူ တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 

600

 

အဆိုပါ ဆင်းတုတော်များမှာ သက်တမ်း နှစ် ၇၀ ခန့်ရှိ ဉာဏ်တော် ၄ လက်မခန့် ပရိုးဆင်းတုတော် ၅၁ ဆူ၊ ဉာဏ်တော် ၁ လက်မမှ ၁၄ လက်မ အတွင်းရှိ အရွယ်အစားမျိုးစုံ ကြေးဆင်းတုတော် ၃၃ ဆူ၊ ဉာဏ်တော် ၄ လက်မမှ ၉ လက်မ အတွင်းရှိ အရွယ်အစားမျိုးစုံ ငွေဆင်းတုတော် ၉ ဆူ၊ ဉာဏ်တော် ၃ လက်မခန့်ရှိ နဂါးရုံဆင်းတုတော် ၁ ဆူ ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရှင်ဥပဂုတ္တပုံတော် ၂ ခု၊ အလျား ၄ လက်မ၊ အနံ ၄ လက်မခန့်ရှိ ငွေကျောင်းဆောင် ၁ ခု၊ အလျား ၂၀ လက်မ၊ အနံ ၃ လက်မခန့်ရှိ ငွေပုရပိုက် ၁ ခု ၊ အလျား ၄ လက်မ၊ အနံ ၃ လက်မခန့်ရှိ ငွေပုရပိုက် ၁ ခု ၊ အမြင့် ၄ လက်မ၊ လုံးပတ် ၁ လက်မခန့်ရှိ ဓါတ်တော်ကြုတ် ၁ ခု၊ အမြင့်လက်မဝက်၊ လုံးပါတ်လက်မဝက် ခန့်ရှိ ရွှေကြုတ် ၁ ခု ၊ အလျား ၁၂ လက်မ၊ အနံ ၈ လက်မခန့်ရှိ ကြေးပြဿဒ် ၃ ခု ၊ ရွေးစေ့ခန့်ရှိ ကျောက်နီ ၂ လုံး၊ ရွေးစေ့ခန့်ရှိ မီးခိုရောင်ကျောက် ၂ လုံးတို့အား တွေ့ရှိခဲ့သဖြင့် အဆိုပါကျောင်းတိုက်၌ ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။

MDN