အင်္ဂပူမြို့နယ်၌ တံတားကျိုးကျပြီး ချောင်းအတွင်း ယာဉ်ထိုးကျမှုကြောင့် အမျိုးသား ၆ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ

နေပြည်တော် ၂၃ ဖေဖော်ဝါရီ 


ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁ နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တစ်တီတူးကွင်းကျေးရွာနှင့် ဘန့်ဘွေးကုန်း ကျေးရွာတို့ ဆက်သွယ်ထားသည့် စက်ဘီး/ဆိုင်ကယ်များသာ ဖြတ်သန်းခွင့်ပြုထားသော အလျား ၈၅ ပေ၊ အနံ ၁၁ ပေ၊ အမြင့် ၂၀ ပေရှိ  မမြချောင်းပေါက် သစ်သားတံတားပေါ်မှ ယာဉ်ဖြတ်သန်းစဉ် ကျိုးကျသဖြင့် အမျိုးသား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ကြံခင်းမြို့ စပါးအိုးကျေးရွာဘက်မှ အင်္ဂပူမြို့ဘက်သို့ ကြံခင်းမြို့နယ်၊ စပါးအိုးကျေးရွာနေ တင်မောင်ဆွေ (၃၂)နှစ် မောင်းနှင်ပြီး အလုပ်သမား အမျိုးသား ၁၀ ဦးနှင့်အတူ သစ်များတင်ဆောင်လာသည့် ၃က/×××× Faw ယာဉ်မှ အဆိုပါတံတားပေါ်မှ ဖြတ်သန်းစဉ် တံတားကျိုး၍ ယာဉ်မှာချောင်းအတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။ 


တံတားကျိုးကျမှုကြောင့် ယာဉ်ပေါ်ပါ မြန်အောင်မြို့နယ်၊ ပန်းတိုင်ကျေးရွာနေ ထက်ဝေအောင် (၁၈) နှစ်ပါ ၆ ဦး သေဆုံးခဲ့ပြီး ပန်းတိုင်ကျေးရွာနေ ဦးကျော်လွင် (၄၁)နှစ်ပါ ၃ ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် တင်မောင်ဆွေအား ထူးကြီးနယ်မြေရဲစခန်း အမှုဖွင့် အရေးယူခဲ့ကြောင်းနှင့် ယာဉ်ပေါ်ပါ သစ်ခွဲသားမျိုးစုံ ၃၃ တုံး (၅.၇ တန်) အား သစ်ပိုင်ရှင် ဦးမြင့်လှိုင် (စိစစ်ဆဲ) က သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးဟန်မင်းထွန်းမှ အရေးယူပေးပါရန် တိုင်တန်း၍ တင်မောင်ဆွေပါ ၁၃ ဦးတို့အား ထူးကြီးနယ်မြေရဲစခန်းတွင် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


MDN

 

123