အန်ဂိုလာသမ္မတဟောင်းရဲ့သမီးကို ငွေကြေးခဝါချမှု၊ အလွဲသုံးစားမှုတွေနဲ့ တရားစွဲ 

၂၃ ဇန်နဝါရီ 

အန်ဂိုလာနိုင်ငံရဲ့ ဘီလီယံနာသူဌေး၊ သမ္မတဟောင်းရဲ့ သမီးဖြစ်သူ အစ္စဘဲလ် ဒိုဆန်တို့စ် ဟာ နိုင်ငံပိုင် ရေနံကုမ္ပဏီ Sonangol ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူစဉ်မှာ ငွေကြေးခဝါချမှုနဲ့ အလွဲသုံးစားမှုတွေ ပြုလုပ်ခဲ့ကြောင်း စွဲချက်တွေနဲ့ ဒီကနေ့(ကြာသပတေးနေ့) မှာ တရားစွဲခံလိုက်ရပါတယ်။ 

အန်ဂိုလာနိုင်ငံရဲ့ရှေ့နေချုပ် ဟဲဒါ ပီဒါ  ဂရို့စ် က အစ္စဘဲလ် ဒိုဆန်တို့စ် နဲ့အတူ လူတချို့ကို တရားစွဲဆိုထားတာ ဖြစ်တယ်။ အခုတရားစွဲဆိုခံထားရသူတွေဟာ အန်ဂိုလာကို လာရောက် တရားမရင်ဆိုင်ခဲ့ရင် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်သင့်ရင် ထုတ်မယ်လို့ ပြောပါတယ်။ 

နိုင်ငံပိုင် ရေနံကုမ္ပဏီ Sonangol ရဲ့ အကြီးအကဲဟောင်း အစ္စဘဲလ် ဒိုဆန်တို့စ်ဟာ နိုင်ငံပိုင် ရေနံကုမ္ပဏီ Sonangol ရဲ့ အကြီးအကဲအဖြစ် သူမဖခင် သမ္မတဟောင်းက ၂၀၁၆ ခုနှစ် ဇွန်လကနေ စတင်ပြီး တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သမ္မတသစ်က အစ္စဘဲလ်ကို တာဝန်မှ ရပ်ဆိုင်းလိုက်ပါတယ်။ အစ္စဘဲလ်ဟာ နိုင်ငံပိုင် ရေနံကုမ္ပဏီ Sonangol ရဲ့ အကြီးအကဲအဖြစ် ၁၈ လကြာ တာဝန်ထမ်းဆောင်စဉ် ငွေကြေးအပြောင်းအလဲမှာ မရိုးမသားရှိတာကို သတိထားမိကြောင်း စုံစမ်းစစ်ဆေးမှူးတွေရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

အစ္စဘဲလ် ဒိုဆန်တို့စ်ရဲ့  ဖခင်ဖြစ်သူ သမ္မတဟောင်း ဂျိုဆေး အက်ကွာဒို ဒို ဆန်တို့စ် ဟာ အန်ဂိုလာနိုင်ငံကို နှစ်ပေါင်း ၄၀ နီးပါး တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ 

 

ေ

 

အစ္စဘဲလ် ဒိုဆန်တို့စ် ဟာ ဖခင်ဖြစ်သူ သမ္မတ တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံပိုင် မြေ၊ ရေနံတွင်း၊ စိန်တွင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းများအပေါ် အမြတ်ထုတ်ခြင်းဖြင့် အာဖရိကရဲ့ အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာပါတယ်။ 

အန်ဂိုလာနိုင်ငံဟာ တောင်အာဖရိကတိုက်ရဲ့ သဘာဝ သယံဇာတပစ္စည်းများနဲ့ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။  စိန်ကို အဓိကထားပြီး ထုတ်လုပ်တဲ့ အင်ဂိုလာနိုင်ငံဟာ အာဖရိကတိုက်ရဲ့ ရေနံထွက်ရှိရာ ဒုတိယအကြီးဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ 

အစ္စဘဲလ် ဒို ဆန်တို့စ်ပိုင်ပစ္စည်းတွေဟာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။

MDN
ကိုးကား -AFP