အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းသို့ လူရည်ချွန်မောင်မယ်များရောက်ရှိ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများ ကြိုဆို

ညောင်ရွှေ ၂၉ ဧပြီ

နိုင်ငံတစ်ဝှမ်းရှိ ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ် မောင်မယ်လေးများကို လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်ပြီး အပန်းဖြေစခန်းများဖွင့်လှစ်၍ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ နဝမတန်း လူရည်ချွန်မောင်မယ်လေးများသည် ဧပြီ ၂၉ ရက်၊ ညနေ(၃)နာရီခွဲတွင် ရောက်ရှိလာခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် ညောင်ရွှေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူရည်ချွန်ဟောင်းကြီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ ဘင်ခရာတပ်ဖွဲ့များ၊ ပန်းစည်းပန်းကုံးများ၊ စားသောက်ဖွယ်ရာများ၊ အိုးစည်ဗုံမောင်းများဖြင့် တစ်ခဲနက်ကြိုဆိုခဲ့ကြသည်။

 

1370

 

လူရည်ချွန်မောင်မယ်လေးများ ညအိပ်စခန်းချရပ်နားမည့် ခေါင်တိုင်ဟူပင်ဟိုတယ်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဟိုတယ်တာဝန်ရှိသူတစ်ဦးမှ တည်းခိုနေထိုင်စဉ်ကာလအတွင်း လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

 

1382

 

ယခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းသို့ နဝမတန်းလူရည်ချွန်မောင်မယ်  စုစုပေါင်း (၁၇၈)ဦး ရောက်ရှိခဲ့ရာ ဒေသတွင်းရှိ အခြေခံပညာကျောင်းများမှ အကအဖွဲ့များလည်း ညစဉ် အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေသွားကြမည်ဖြစ်ပြီး ဌာနဆိုင်ရာများမှလည်း အသိပညာပေးပြခန်းများ ဖွင့်လှစ်ပြသပေးထားလျက်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ(ညောင်ရွှေ)

 

1398