“အင်းလုပ်ငန်း ရေရှည်တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှုတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့စကားဝိုင်းကျင်းပ

နေပြည်တော် ဧပြီ ၃

(၃၂)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းကို ယနေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး စုဝေးခန်းမ၌ အင်းလုပ်ငန်း ရေရှည်တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှုတိုးတက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က နိုင်ငံတော်၏ သဘာဝ သယံဇာတများ(Natural Resources)ဖြစ်သည့် မြစ်၊ ချောင်း၊ အင်း အိုင်များကို သဘာဝ အမွေအနှစ် (Natural Heritage) အမျိုးသားအမွေအနှစ် (National Resources) အဖြစ် စနစ်တကျထိန်းသိမ်း အသုံးပြုရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ထောင်စု စာရင်း ဝင် ဂရန်အင်းပေါင်း (၃၇၃၀) ရှိပြီး ယခင်နှစ် စာရင်းအရ ဂရန်အင်း ရောင်းချရငွေကျပ် (၁၁ ဒသမ ၂၇) ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ သဘာဝသယံဇာတ အမျိုးသားအမွေအနှစ် တစ်ရပ်ဖြစ်သော ဂရန်အင်းများ မတိမ်ကော မပျက်စီးအောင် ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် ငါးသယံဇာတများ မျိုးပြုန်းမှုမရှိကြရန်၊ ဖမ်းဆီးထုတ်လုပ် သူများနှင့် စားသုံးသူများ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကျင့်သုံး လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေချိုငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ငါးနေ ငါးထိုင် တောများနှင့် ယင်းတို့၏ ဂေဟ စနစ်ကို ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ရေချိုငါးထုတ်လုပ်မှုပမာဏမှာ တဖြည်းဖြည်း လျော့နည်းကျဆင်းခြင်းကို တွေ့ရှိနေရသည့်အတွက် ဒေသခံပြည်သူလူထု များ ပူးပေါင်းပါဝင်၍ ဝိုင်းဝန်းထိန်းသိမ်းနိုင်မှသာ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူစားသုံး နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
             
စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးစီးဌာနများမှ ပညာရှင်များက အင်းလုပ်ငန်းရေရှည် တည်တံ့ရေးအတွက် အင်းနယ်နိမိတ်များ တိုင်းတာဖော်ထုတ်ခြင်းကိစ္စများတွင် ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေးသုံး ဓာတု ပိုးသတ်ဆေးများကြောင့် အင်းငါးထုတ်လုပ်ရေးကို မထိခိုက်စေရေးအတွက် ထိန်းကျောင်း ပြုပြင်ရေးလုပ်ငန်းများ၊ အင်းလုပ်ငန်းရေရှည်တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှု တိုးတက်စေရေးအတွက် မွေးမြူရေးသုတေသနဦးစီးဌာနအနေဖြင့် ပေါင်းစပ်ဆောင်ရွက် နေမှုများ၊ ရေသတ္တဝါဆိုင်ရာသုတေသန ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ၏ ဂရန်အင်းများ အခြေအနေနှင့် ငါးများရွှေ့ပြောင်းသွားလာမှု၊  အင်းငါးထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အွန်လိုင်းဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် မေးမြန်းဖြေကြားခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်