အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုးအတွင်း တောင်မြောက်လမ်းမကြီး ဘေးတစ်လျှောက်နှင့် အင်းဝမြို့အရှေ့မျက်နှာပြင် မြို့ရိုးကြီးအရှေ့တွင် မူလအတိုင်းသစ်ပင်များ ပြန်လည်စိုက်ပျိုးမည်

ရန်ကုန် မေ ၂

ရာသီဥတု အပူချိန်မြင့်မားမှုများကြောင့် အင်းဝမြို့ဟောင်း၊ စည်တိုပုံမြို့ရိုးအတွင်း အနောက်မျက်နှာ တောင်မြောက်လမ်းမကြီး ဘေးတစ်လျှောက်နှင့် အင်းဝမြို့ဟောင်းအရှေ့မျက်နှာ အပြင်မြို့ရိုးကြီးအရှေ့ဘက်တောင်မြောက်တန်းနေသည့် သရက်သုံးပင်လမ်းတွင် မိုးဦးကျချိန်၌  နဂိုမူလအတိုင်းသစ်ပင်များ ပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်ထားကြောင်း ရှေးဟောင်းသုတေသီ စာရေးဆရာ (ဦး) ဗိုလ်ရှိတ် (ရတနာပူရ) က ပြောသည်။

လွန်ခဲ့သည့် ၂၅နှစ်ခန့် အဆိုပါ လမ်းတလျှောက်ညောင်ပင်၊ ကုက္ကိုပင်၊ မယ်ဇယ်ပင်ကြီးများ တန်းစီနေခဲ့သော်လည်း ယခုအခါ အပင်မရှိတော့သည့်အတွက် လမ်းတလျှောက်တွင်လည်း အပူရှိန်ပိုလာခဲ့ကြောင်း သိရသည်။

"အင်းဝမြို့၊ စည်တိုပုံမြို့ရိုးအတွင်း အနောက်မျက်နှာ တောင်မြောက်လမ်းမကြီး ဘေးတစ်လျောက်၊ အင်းဝမြို့ အရှေ့မျက်နှာ အပြင်မြို့ရိုးကြီး အရှေ့ဘက် တောင်မြောက်တန်းနေတဲ့ သရက်သုံးပင်လမ်း နဂိုအတိုင်း ပြန်စိုက်မယ်။ ‌အဓိကကတော့ နဂိုရှိရင်းအပင်မျိုးဖြစ်တဲ့ ကုက္ကိုတို့၊ ဗန်ဒါတို့၊ ညောင်ပင်တို့ ဒါမျိုးတွေလျာထားတာပေါ့။ အင်းဝမှာတစ်နေ့ တခြားပူလာပါတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်လောက်က သစ္စာတိုက်ဘုရားကနေပြီးတော့ လေသာတံခါးဘက်သွားတဲ့ လမ်းတစ်လျောက် မယ်ဇယ်ပင်ကြီးတွေ အများကြီးရှိခဲ့တယ်။ အဲဒီလိုပဲ ညောင်သုံးပင်လမ်းမှာလည်း ကျွန်တော်တို့ ၁၆ နှစ်သားလောက်က ညောင်ပင်တွေ၊ ကုက္ကိုပင်တွေ တစ်လျှောက်လုံး အမများကြီးရှိခဲ့တာ။ အဲဒါတွေက မရှိတော့ဘူး။ ခုတ်ပစ်ကြတာပါ။ အဲဒီအပင်တွေက ညောင်ရမ်းခေတ်ကတည်းက ရှင်ဘုရင်ကိုယ်တိုင် စိုက်ခိုင်းခဲ့တာတွေပါ။ ဒါပေမဲ့ ထင်းခုတ်အပင်လှဲသူတွေကြောင့် ပြောင်တလင်းခါခဲ့ပါတယ်။ အဲဒါအခုကျတော့ အဲဒီလမ်းတွေ သွားရတာအပင်မရှိတော့ ပူလိုက်တာ။ ဒါကြောင့် အဲဒီနေရာတွေမှာ သစ်ပင်တွေပြန်စိုက်ပါမယ်" ဟု ၎င်းက ဆိုသည်။

ယနှစ်မိုးဦးကျခန့်တွင် စတင်စိုက်ပျိုးရန် လျာထားပြီး တာဝန်ရှိသူများကိုလည်း တင်ပြထားကာ အဆိုပါ နေရာများတွင် ဒေသနှင့် ကိုက်ညီသည့် ဗာဒံပင်၊မယ်ဇယ်ပင် မည်စည်ပင်၊ ငုပင်တမာပင်များ စိုက်ရန်ရည်ရွယ်ထား၍ ကူညီပါဝင်နိုင်‌ကြောင်းလည်း ပြောကြားသည်။

"မိုးဦးကျလောက်မှာ စပြီးစိတ်ကူထားတာ။ စပြီးကိုယ်တတ်နိုင်သလောက်လုပ်မှာပေါ့။ တာဝန်ရှိသူတွေကိုလည်း ပြောပြီးပြီး။ ဒါကြောင့် အဲဒီနေရာတွေမှာ သစ်ပင်တွေပြန်စိုက်ပါမယ်။ ဒေသနဲ့ကိုက်ညီတဲ့ ဗာဒံပင်၊ မယ်ဇယ်ပင်၊ မည်စည်ပင်၊ ငုပင်၊ တမာပင်တွေ စိုက်ဖို့ရည်ရွယ်ထားတယ်။ ကျွန်တော် တက်နိုင်တာလုပ်မှာပါ။ ကူညီလိုက ပါဝင်ကူညီနိုင်ပါတယ်"ဟု ဆိုသည်။

ရာသီဥတုအပူချိန်မြင့်မားမှု‌ကြောင့် မြန်မာနိုင်ငံရှိနေရာဒေသအများစုတွင် အဖွဲ့အစည်း အသီးသီးက သစ်ပင်စိုက်ပျိုးရန် ပြန်လည်ပြင်ဆင်လာမှုများ ရှိလာကြောင်းလည်း သိရသည်။

MT