အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေ

မန္တလေး   ဇွန်   ၂၉

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်း နိုင်ရေးအတွက်   ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ဆောင်ရွက်နေကြောင်း မန္တလေးဌာနခွဲမှ တာဝန်ရှိသူက ပြောသည်။

 

အင်းဝမြို့ဟောင်းသည် အင်းဝခေတ်(နှစ်ပေါင်း ၄၀၀ ခန့်)က တည်ရှိခဲ့သည့် ရှေးဟောင်းမြို့တော်ဖြစ်၍ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်  စာရင်းတင်သွင်းရာတွင် လိုအပ်သည့်အချက်အလက်များ ကောက်ယူခြင်းနှင့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

“အင်းဝကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းဖို့ ဆောင်ရွက်ရာမှာ ယူနက်စကိုက သတ်မှတ်ထားတဲ့  Guide   Line တွေ ပြည့်စုံအောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်နေပါတယ်။ အင်းဝမှာ ရှေးဟောင်းယဉ်ကျေးမှု အဆောက် အအုံများရှိတဲ့ ဒေသနဲ့ကာကွယ်တဲ့ ကြားခံဒေသ(Buffer Zone)မှာ ရှေးဟောင်းဘုရား၊ စေတီ၊ အဆောက်အအုံတွေ ဘယ်လောက်ရှိသလဲနဲ့  အဲဒါတွေရဲ့ နောက်ခံသမိုင်းကြောင်းတွေ ပြုစု နေပါတယ်”ဟု ၎င်းက ပြောသည်။

 

အဆိုပါ အင်းဝမြို့ဟောင်း၏ ရှေးဟောင်းနယ်မြေ ဧရိယာမှာ ၇ စတုရန်းမိုင် ကျယ်ဝန်း၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာဒေသ (Property Area )နှင့် ကြားခံဒေသ( Buffer Area )အတွင်းမှ ရှေးဟောင်းစေတီ ပုထိုးနှင့် အဆောက်အအုံပေါင်း ၉၆၁ ခုရှိပြီး     ၎င်းတို့အနက် မှတ်တမ်းစာရင်း  (Inventory)ပြုစုပြီးအရေအတွက်မှာ    ၃၀၀ ဝန်းကျင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“ပြီးခဲ့တဲ့   မေလအတွင်းက ထိုင်းအဖွဲ့တွေရောက်လာပြီး ရှေးဟောင်းသစ်သားအဆောက်အအုံတွေကို  လေ့လာကြ တယ်။ အချက်အလက် ကောက်ယူတာတွေရှိတယ်။ Guide Line ထဲမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် မှုဘာတွေရှိသလဲဆိုတာပါတော့ ထိုင်း၊ တရုတ်၊ အီတလီ စတဲ့ပြည်ပ နိုင်ငံများက လာရောက်သုတေသန လုပ်တာ တွေကို ထည့်သွင်းတင်ပြရမှာပါ။ ကျွန်တော်တို့အတွက် အထောက်အကူရတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

အင်းဝရှေးဟောင်းယဉ်ကျေး မှုဇုန်အတွင်း ဓာတ်ပုံများပါသော လမ်းညွှန်မြေပုံများ စိုက်ထူခြင်း၊ ဘုရားတစ်ဆူစီနှင့် ရှေးဟောင်း အဆောက်အအုံများ၏ သမိုင်းကြောင်း ကောက်ယူမှတ်တမ်းပြုစုခြင်း၊ မြေပုံရေးဆွဲခြင်း  စသည့် ယူနက်စကိုမှ သတ်မှတ်သည်များ ပြည့်စုံရန်ဆောင်ရွက်နေကြောင်း၊ နောက်ပိုင်းတွင်      Tourism Network  Road နှင့် Tourism Infrastructure  များကို ခရီးသွားလာရေးဝန်ကြီးဌာနနင့် ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိ ကြောင်းလည်း သိရသည်။

မောင်အေးချမ်း