အနိမ့်တမံစနစ် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်း နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော် ဇွန် ၃၀

 

အနိမ့်တမံစနစ် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်း နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က လာမည့်နွေရာသီ ကာလအတွက် လိုအပ်မည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး နေအား၊ လေအားနှင့် ရေအား စသည့် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များဖြင့်လည်းကောင်း၊ အပူစွမ်းအင်သုံး စွမ်းအင်အရင်းအမြစ်များဖြင့် လည်းကောင်း ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း

 

ထိုသို့ဆောင်ရွက်မှုများအနက် မြန်မာနိုင်ငံမြစ်ကြီးများ၏ ရေအရင်းအမြစ်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေးအပြင် စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ခြင်းဖြင့် စိုက်ပျိုးမြေများ ပိုမိုဖော်ထုတ်လာနိုင်ရေးနှင့် မြစ်ကြောင်းအတွင်းသွားလာမှု ပိုမို မြန်ဆန်နိုင်ရေးတို့ အတွက် စူးစမ်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အနိမ့်တမံစနစ် ရေအားလျှပ်စစ် စီမံကိန်းများအတွက် လျာထားနေရာများကို လေ့လာခဲ့ပြီး တွေ့ရှိရသည့် မြစ်ကမ်းပါး(၂)ဖက် ကျောက်ပေါ်ထွက်မှု၊ ရေလမ်းကြောင်းသွားလာမှုအခြေအနေ၊ ရေမျက်နှာပြင်အကျယ်၊ ရေအနိမ့် အမြင့်ကွာခြားမှု၊ ရေအတိမ်အနက်၊ ရေစီးနှုန်း၊ မြစ်ရေထုထည်စီးနှုန်း၊ သဲနုန်းပို့ချမှု၊ မြစ်အရည်အသွေး၊ မြစ်ကြောင်းပြောင်းလဲမှု၊ ဘူမိဗေဒနှင့် မြေငလျင်ဆိုင်ရာ အခြေအနေများကို ယခု အစည်းအဝေးတွင် ဆွေးနွေး တင်ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတမံကြီး များဆိုင်ရာ အမျိုးသားကော်မတီမှ ပညာရှင်ကြီးများက နည်းပညာပိုင်းဆိုင်ရာများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ပင်မမြစ်ကြောင်းများနှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်မည့် အခြေအနေ၊ ပဏာမစူးစမ်းလေ့လာခဲ့သည့် အနိမ့်တမံစီမံကိန်းများဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ နာယကများ၊ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ အချက်အလက် အသေးစိတ် ရရှိနိုင်ရေးအတွက် လေ့လာစူးစမ်း သုံးသပ်မှုများအား အချိန်ယူ၍ ဆောင်ရွက်သင့်သည့် အခြေအနေ၊ မြစ်ကြောင်းပြောင်းလဲမှုများနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ၊ ပင်လယ်ဆားငံရေ ဝင်ရောက်နိုင်မှုအခြေအနေ၊ အသေးစိတ်တိုင်းတာရရှိသော အချက် အလက်များကို အခြေခံ၍ Physical Model test များဖြင့် အဆင့်ဆင့် လေ့လာခြင်းနှင့် လုပ်ငန်းဆောင်ရွက်သည့် Phase by Phase အဆင့် တစ်ခုချင်းစီကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးပါဝင်သော ကော်မတီဖြင့် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်သွားရမည့် အခြေအနေနှင့် နိုင်ငံတကာအတွေ့အကြုံရှိသည့် အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုတို့ကို အကြံပြု ဆွေးနွေးကြသည်။

 

ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အကြံပြုချက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အကောင်းဆုံးဖြစ်သည့်နေရာများတွင် စူးစမ်းလေ့လာမှု များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ ကို ရုပ်သိမ်းလိုက်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ်ရှိ  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု၊ ဓာတ်အားခကောက်ခံ ရရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျ ကြပ်မတ်ကွပ်ကဲပြီး မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ထားရှိရန်တို့နှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာ/ ခရိုင် လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေး တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)