အွန်လိုင်းပေါ်မှ လိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ သတိထားပါ

 

 

ကိုရေချမ်း

 

သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ အားကောင်းလာတဲ့ ခေတ်ကာလမှာ ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေပါလာတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုးတွေကြောင့် အမှန်တရားတွေ တိမ်သလာဖုံးသလို အမှန်ကို ရှာရဖွေရခက်လာတတ်ပါတယ်။ ဒါကြောင့်လည်း ‘အမှန်တရားက ဖိနပ်စီးဖို့လုပ်နေတုန်း အမှားက ကမ္ဘာတစ်ပတ်ပတ်ပြီးပြီ’ လို့ ပြောလာကြပါတယ်။ “ကိုယ့်ရှူးကိုယ်ပြန်ပတ်” ၊ “ကိုယ့်အတတ်ကိုယ် ပြန်စူး” ဆိုသလို နည်းပညာတွေ စတင်ဖန်တီးခဲ့တဲ့ နိုင်ငံကြီးတွေဟာလည်း နည်းပညာကြောင့်ပဲ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်လာတာကြောင့် အကာအကွယ် အတားအဆီးတွေ ပြုလုပ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။

 

နည်းပညာအဆင့်မမြင့်သေးတဲ့ ကျွန်တော်တို့ လို နိုင်ငံတွေအနေနဲ့ အွန်လိုင်းပေါ်မှာ အမှားကို အမှန်လုပ်ထားတဲ့ လိမ်ညာမုသားစကားနဲ့ လှည့်ဖြား မှုတွေ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် အမှန် တရားကို ရှာဖွေတွေ့ရှိဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရ ပါတယ်။ သတင်းမှားတွေနဲ့ ကာဆီးနေတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို မြန်မာနိုင်ငံသား တွေတောင် အမှန်သိဖို့ ကြိုးစားနေတဲ့အချိန်မှာ အခြားနိုင်ငံသားတွေအနေနဲ့ အမှန်ကို အမှန်အတိုင်း မမြင်နိုင်တာကို အပြစ်မဆိုချင်ပါဘူး။ ဒါပေမယ့်လည်း ဓမ္မဓိဋ္ဌာန်ကျကျ မှန်မှန်ကန်ကန် သေသေချာချာ လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် ပကတိအခြေ အနေမှန်ကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အပြု သဘောဆောင် အကောင်းမြင်တတ်သူတွေအနေနဲ့ အမှန်တရားကို အလွယ်တကူရှာဖွေတွေ့ရှိကြသလို မကောင်းမြင် မကောင်းစိတ်ထားရှိသူတွေအနေနဲ့ အမှားသံသရာထဲမှာ ဝဲလည်နေမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအပေါ် အဆိုးတွေ၊ မကောင်းတာ တွေ၊ အလိမ်အညာမုသားတွေ၊ မဟုတ်မမှန်သတင်းတွေ၊ ကောလာဟလစကားတွေ၊ အသုံးချမှုတွေကို နယ်ပယ်အမျိုးမျိုးကနေ အမျိုးမျိုးအဖုံဖုံ ထိုးနှက်နေတာကြောင့် အများအမြင်မှာ အထင်အမြင်သေးခံရပြီး မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုကျဆင်းစေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပေါ် သဘောထားအမှန် ရှိတဲ့သူတွေက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ အမှန်တရားကို သေသေချာချာ လေ့လာဆန်းစစ်ကြည့်ပြီး ရှင်းလင်းထုတ်ဖော်ပြောကြားပေးနေတဲ့ သူတွေလည်းရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အကောင်းမမြင်တဲ့သူတွေကတော့ အမှန်တရားကို မျက်ကွယ်ပြုပြီး အမှားအထပ်ထပ် ပြောနေကြဆဲ ဖြစ်ပါတယ်။

 

အင်တာနက်ပေါ်က လှည့်စားမှု

 

“မြန်မာနိုင်ငံဟာ အမှန်တကယ်ပင် အထင်သေးခံရတဲ့နိုင်ငံဖြစ်နေပါသလား။ ခင်ဗျားတို့ မကြားချင်တဲ့ အမှန်တရားတချို့ကို ပြောပြချင်တာနဲ့ တကယ့်အင်တာနက်ပေါ်က လှည့်စားမှုရဲ့ တရားခံ အစစ်အမှန်တွေကို ကျုံရှောင်ဖေးက ဖော်ထုတ်ပြသပေးချင်ပါတယ်” လို့ ဆိုလာတာကို ဖတ်ရှုလိုက်ရပါတယ်။ ၂၀-၈-၂၀၂၃ ရက်နေ့က ၎င်းရဲ့ WeChat သတင်းစာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့တဲ့ “မြန်မာနိုင်ငံအကြောင်း သိကောင်းစရာနှင့် ဆက်သွယ်ရေး လိမ်လည်မှုနှင့်ပတ်သက်၍ တရားခံများအား ဖော်ထုတ်နိုင်ရေး” သတင်းဆောင်းပါးတစ်ပုဒ်ကို ပြန်လည်မျှဝေပေးလိုပါတယ်။ မစ္စတာကျုံရှောင်ဖေးဟာ (၁၄) ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ၊ Tianjin New Media Association ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ Tianjin Red Coast Culture Development တည်ထောင်သူဖြစ်ပါတယ်။

 

ကျုံရှောင်ဖေးက “မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေဟာ အမှောင်ဖုံးလျက်ရှိပြီး တရုတ် လူမျိုးတွေရဲ့ အမြင်မှာ မြန်မာနိုင်ငံဟာ ဆက်သွယ်ရေးလိမ်လည်မှု၊ လူကုန်ကူးမှု၊ သတ်ဖြတ်မှုစတဲ့ပြဿနာတွေ ဖြစ်ပေါ်လျက်ရှိတဲ့နေရာလို့ သတင်းမှားတွေရဲ့ လမ်းကြောင်းအရ ထင်မြင်လျက်ရှိတယ်။ အမှန်တကယ်မှာ အဲဒီပြဿနာတွေ ဖြစ်ပွားရာနေရာတွေဟာ မြန်မာနိုင်ငံအစိုးရရဲ့ ထိန်းချုပ်နယ်မြေတွေ မဟုတ်ဘဲ ရာဇဝတ်ဂိုဏ်းတွေ အများစုတည်ရှိရာ နေရာအချို့၌သာဖြစ်တယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးစတဲ့မြို့ကြီးတွေဟာ လုံခြုံစိတ်ချမှုရှိတယ်။ မကြာမီက တရုတ်နိုင်ငံအစိုးရက တရုတ်နိုင်ငံသား တွေအတွက် အဖွဲ့လိုက်သွားလာခွင့်ပြုတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားတယ်” လို့ အစချီထားပါတယ်။

 

“မြန်မာနိုင်ငံရဲ့ ဒေသပထဝီမြေပြင်အနေ အထားဟာ တရုတ်နိုင်ငံအတွက် လွန်စွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံမယ်ဆိုပါက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော် ပင်လယ်ရေကြောင်းတင်ပို့မှုကိုဖွင့်ပေးနိုင်မယ်၊ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ဖယ်နိုင်မယ်။ မြန်မာနိုင်ငံရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်နိုင်ငံအတွက် အလွန်အဆင်ပြေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့အတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ တောက်ပလာမှာ ဖြစ်တယ်” လို့ ဆက်လက်ဆိုထားပါတယ်။

 

အစိုးရကိုပဲ အပြစ်တင်လို့မရ

 

“ယနေ့ခေတ် အင်တာနက်စာမျက်နှာတွေပေါ်မှာ မြင်တွေ့နေရတဲ့ ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနယ်မြေတွေနဲ့ ရွှေတြိဂံနယ်မြေတွေဖြစ်တယ်။ အဆိုပါဒေသတွေဟာ သွားလာဖို့ ခက်ခဲပြီး ယင်းနေရာတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံခေါင်းဆောင်တွေက သိမ်းပိုက်ထားကာ ခွဲထွက်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီး မင်းမူနေထိုင်လျက်ရှိတာ ဖြစ်တယ်။ ဒီဒေသတွေရဲ့ အမှောင်ဖုံးမှုနဲ့ အန္တရာယ်ရှိမှုတွေအတွက် မြန်မာနိုင်ငံအစိုးရ တစ်ရပ်တည်းကိုပဲ အပြစ်တင်လို့ မရနိုင်ဘူး”လို့ ဆိုထားပါတယ်။

 

ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းတွေဟာ အင်တာနက်နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အမေရိကန် နိုင်ငံကိုယ်တိုင် သားကောင်ဖြစ်လာခဲ့ပါတယ်။ ဆက်သွယ်ရေးလိမ်လည်မှုရဲ့ အရေးအကြီးဆုံး အချက်ဟာ ငွေကြေးဝန်ဆောင်မှု တွေဖြစ်ပြီး အရှေ့တောင်အာရှနဲ့ ဒူဘိုင်းတို့မှ ချမ်းသာသူတွေ အများအပြားဟာ စင်ကာပူနိုင်ငံမှာ သွားရောက်နေထိုင်ကြပြီး ငွေကြေးခဝါချမှု၊ ဝန်ဆောင်မှုပေးတဲ့ ငွေကြေးဆိုင်ရာ ကုမ္ပဏီတွေ ထူထောင်ထားပါတယ်။ ငွေတွေကို Virtual currency မှတစ်ဆင့် ငွေကြေးခဝါချတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ယနေ့စင်ကာပူနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုဆိုင်ရာ ငွေကြေးခဝါချမှု စင်တာလို ဖြစ်လာတယ်လို့ ဆိုထားပါတယ်။

 

လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံကို ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန် စစ်အခြေစိုက်စခန်းကို တည်ထောင်ခွင့်ပေးထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာလည်း ဆက်သွယ်ရေးလိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေညှစ်မှု၊ အွန်လိုင်းလောင်းကစားဝိုင်းတွေ ထွန်းကားရာနေရာဖြစ်လာပါတယ်။ တရုတ်ကျောင်းသားတွေ ပြန်ပေးဆွဲခံ ရတာ၊ လူကုန်ကူးခံရတာ၊ တရုတ်ခရီးသည်တွေထံက ကျောက်ကပ်ထုတ်ယူတာစတဲ့ အွန်လိုင်းသတင်းတွေရဲ့ ဖြစ်ရပ်မှန်နေရာဟာ ဒူဘိုင်းမြို့မှာ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှာ အဲဒီလို ခွဲစိတ်မှုတွေ၊ ကိုယ်တွင်းကလီစာ အစားထိုးခွဲစိတ် ကုသခြင်းဆိုင်ရာ နည်းပညာတွေနဲ့ ကိုယ်တွင်းကလီစာတွေခွဲ ထုတ်ပြီး သိုလှောင်ဖို့ အအေးစက်တွေ၊ စက်ကိရိယာတွေ၊ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ဖွံ့ဖြိုးနေတာမရှိဘူးလို့ ဆိုထားပါတယ်။

 

ဆက်သွယ်ရေးလိမ်လည်မှုဇုန်တွေ

 

ဒါပေမယ့် ဖိလစ်ပိုင်နဲ့ ဒူဘိုင်းတို့မှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသလို လက်နက်စွဲကိုင်တဲ့အဖွဲ့တွေ မရှိပါဘူး။ ပထဝီနယ်မြေဒေသအခြေအနေအရ မရှိနိုင်တာကြောင့်လည်းကောင်း၊ တရုတ်လူမျိုးတွေ အမြင်မှာ ဒူဘိုင်းဟာ ချမ်းသာကြွယ်ဝမှုတွေကိုသာ အွန်လိုင်းပေါ်မှာ မြင်တွေ့လျက်ရှိတာကြောင့်လည်းကောင်း တရုတ်နိုင်ငံသားတွေ အနေနဲ့ အဲဒီနေရာတွေမှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ကိစ္စတွေကို မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့အတူ မြန်မာနိုင်ငံဆိုပြီး မှားယွင်းစွာ ပြောဆိုနေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရအုပ်ချုပ်မှုအောက်ရှိ မြို့တွေမှာ တရားဥပဒေစိုးမိုးမှုရှိပြီး ဆက်သွယ်ရေးလိမ်လည် မှုဇုန်တွေမရှိပါဘူး။ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို လက်တွဲပူးပေါင်း လုပ်ဆောင်နေပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးတွဲ တရားဥပဒေစိုးမိုးရေးစင်တာကို တည်ထောင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ မစ္စတာကျုံရှောင်ဖေး က ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

 

မြန်မာနိုင်ငံဟာ နယ်စပ်ဒေသအချို့နဲ့ အချို့ ဒေသတွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ကျူးလွန်လုပ်ဆောင်မှုတွေနဲ့ ရောထွေးပြီး အထင်အမြင် လွဲမှားစရာတွေ ကြုံတွေ့နေရပါတယ်။ အင်တာနက်အွန်လိုင်းပေါ်တွေမှာတွေ့ရှိတဲ့ အဖြစ်အပျက် အများစုဟာ အခြားနိုင်ငံတွေရဲ့ ဖြစ်ပျက်တာတွေ ဖြစ်ပါတယ်။

 

 အဆိုပါသတင်းဆောင်းပါးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဖြစ်ရပ်မှန်တွေနဲ့ အနီးစပ်ဆုံး ဖော်ပြထားတာ တွေ့ရပါတယ်။ တရုတ်မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို အသေးစိတ် ပြန်လည်ရှင်းလင်းတင်ပြခဲ့တဲ့အတွက် မစ္စတာကျုံရှောင်ဖေးကို ကျေးဇူးတင်ရမှာဖြစ်ပြီး အထင်အမြင်လွဲမှားမှုတွေကို ရှင်းလင်းပြောပြပေးလို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည်မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

 

ကမ္ဘာတစ်ခွင် ဆက်သွယ်ရေးနည်းပညာတွေ ထွန်းကားနေတဲ့ကာလမှာ လူသားအကျိုးပြု ဆက်သွယ်မှုတွေ ရရှိနေမှာ ဖြစ်ပေမယ့် ဆက်သွယ်ရေးကိုအသုံးပြုပြီး လိမ်လည်မှုတွေ၊ ဒုစရိုက်မှုတွေ၊ မကောင်းမှုတွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုထိခိုက်စေနိုင်တဲ့ ဆက်သွယ်ရေးလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေကို နိုင်ငံတော်အစိုးရက ပြတ်သားစွာ တိုက်ဖျက်နှိမ်နင်းသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အွန်လိုင်းပေါ်မှ လိမ်လည်မှုတွေ၊ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လောင်းကစားမှုတွေကို အားမပေးမိဖို့ အသိပေး နှိုးဆော်လိုက်ရပါကြောင်း။         ။