အညာဒေသ၏အငွေ့အသက်များနှင့် ရသစုံခံစားနိုင်မည့် ပန်းချီ(မကွေး)ပြပွဲ  ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေးအရှေ့ဘက်တန်း၌ ၅ရက်ကြာပြသမည်

ရန်ကုန် ၁၆ ဇွန် 

ရန်ကုန်မြို့ ၊ ဗိုလ်ချုပ်ဈေးအရှေ့ဘက်တန်းရှိ ဗဟိုပန်းချီပန်းပု အစည်းအရုံးခန်းမ၌ မကွေးပန်းချီဆရာ(၁၆)ဦး၏ ပန်ချီကားလက်ရာတစ်ရာခန့်ကို ဇွန်လ ၁၉ရက်နေ့မှ ၂၃ရက်နေ့ထိ ၅ရက်ကြာ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ပြီး ပညာရပ်မျိုးစုံဖြင့်ရေးဆွဲထားသည့်ပန်းချီကားများ ၊ အညာအငွေ့အသက်လက်ရာများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

3318

 

“ ပြပွဲရဲ့ Title က ပန်းချီ(မကွေး) ပါ။  Modern ရေးတဲ့သူတွေရော ၊ Realism ရေးတဲ့သူတွေရော အကုန်ပါ ပါတယ်။ ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ် ၊မှင်ခြစ် ပန်းချီကားတွေပါ။  မကွေး၊ စကု၊ မင်းဘူး၊ ရေနံချောင်းစတဲ့ မြေလတ်ဒေသရဲ့ ရှုခင်းတွေပါဝင်တာကြောင့် အညာဒေသရဲ့အငွေ့ အသက်တွေ ခံစားရမှာပါ။ မကွေးကနေပြီး ရန်ကုန်ရောက်နေကြတဲ့ မြေလတ်သားများ လာရောက်ကြည့်ရှု အားပေးကြပါဦးခင်ဗျာ ” ဟု မကွေးမြိုကနယ်ပန်းချီအစည်းအရုံး ဒုတိယဥက္ကဌ ဦးသူရိန်မြိုင် က ပြောသည်။

ပြပွဲတွင် လူငယ်ပန်းချီဆရာများ၏ ဆန်းသစ်သောလက်ရာများလည်းပါဝင်နေပြီး ပန်းချီကိုမြတ်နိုး၍ ဝယ်ယူစု ဆောင်းသူများထံ ငွေကျပ်ငါးသောင်းမှဆယ်သိန်းအတွင်း တန်ဖိုးသင့်ထားသည့်လက်ရာများကို ရောင်းချပေးသွားမည်ဖြစ်သည်။

“ ရန်ကုန်(ပန်းချီပန်းပုအစည်းအရုံး)မှာ ကျွန်တော်တို့မကွေးက တစ်ခါမှ Group လိုက် ပြပွဲမလုပ်ဖူးဘူး။ မကွေးရဲ့ လှုပ်ရှားမှုလေးအဖြစ်ရော ၊ ပြပွဲအတွေ့အကြုံမရှိတဲ့ ပန်းချီဆရာတွေ အတွေ့အကြုံရဖို့ရော ၊ ပြပွဲမှာပြရင်း ပန်းချီကားလေး တွေရောင်းရရင် ဒီအလုပ်အပေါ်မှာ အားတက်လာဖို့အတွက်ရော အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ပြပွဲကိုစီစဉ်ဖြစ်တာပါ ” ဟု မကွေး ပန်းချီပညာရှင်တစ်ဦးက ပြောသည်။

မကွေးတွင် ပန်းချီမျိုးဆက်ပြတ်လုဖြစ်နေသည့် အခြေအနေရှိသည့်အတွက် မကွေးမြို့နယ်ပန်းချီအစည်းအရုံးမှ ဦးဆောင်ကာ ကပ်ကျော်ဘုန်းကြီးကျောင်း ၊ ဆာစည်ကျောင်းနှင့် မကွေးတက္ကသိုလ်တို့တွင် အခမဲ့ပန်းချီသင်တန်းများပေးခြင်းများ လုပ်ဆောင်ခဲ့ပြီး ပန်းချီဝါသနာရှင်များကို လက်တွဲခေါ်ကာ အောက်ဒိုးရေးဆွဲခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း မကွေးပန်းချီအစည်းအရုံးမှ သိရသည်။ 

“ ပန်းချီရေးတဲ့သူတွေရဲ့ ရပ်တည်မှုကတော့ ခေတ်အဆက်ဆက် ခက်ခဲခဲ့ပါတယ်။ ပိုစတာတွေ ၊ မဂ္ဂဇင်းသရုပ်ဖော်တွေ ၊ ကယ်ရီကေးချားတွေ ၊ လူပုံတူတွေ ဆွဲပြီးတော့ ရပ်တည်ရတယ်။ ရန်ကုန်၊မန္တလေးထက်ပိုပြီး နယ်ပန်းချီဆရာတွေ ဘဝက ရပ်တည်ဖို့ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတာ ၊ ကိုယ်လုပ်ချင်တာဆိုတော့ ဆက်လုပ်နေကြတာပဲ။ ရပ်တည်မှုအတွက် တစ်ခြားတစ်နေရာကရှာပြီး ဝါသနာကို ဆက်လုပ်နေဖြစ်တာ ” ဟု မကွေးပန်းချီအစည်းအရုံး ဒုတိယဥက္ကဌက ပန်းချီဆရာများ၏ ဘဝဖြတ်သန်းမှုအား ရှင်းပြခဲ့သည်။

ဇေယျတု(မကွေး)