အန္တရာယ်ကင်းစွာ လိုရာရောက်ဖို့ သတိပြုဆင်ခြင်မောင်းနှင်

 

 

မကြာသေးမီရက်ပိုင်းအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ် မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါသူများအနက်မှ ရိုးရာလက်ဝှေ့ချန်ပီယံဟောင်းတစ်ဦး အပါအဝင် သုံးဦးအသက် ဆုံးရှုံးခဲ့ရပြီး ခရီးသည်များဆယ်ဂဏန်းနှင့်ချီ၍ ဒဏ်ရာရရှိ ခဲ့ကြသည်။ သတင်းများအရ အဆိုပါ ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာအရံတန်းများကို တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

 

အမြန်လမ်းမကြီးပေါ် မော်တော်ယာဉ်များမောင်းနှင်ရာတွင် အိမ်စီးယာဉ်များ တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်း၊ ခရီးသည်တင်ယာဉ်များတစ်နာရီလျှင် ကီလိုမီတာ ၉၀ နှုန်း၊ လုပ်ငန်းသုံးယာဉ်၊ ကုန်တင်ယာဉ်၊ Light Truck ၊ Hijet ယာဉ်များတစ်နာရီလျှင် ကီလိုမီတာ ၆၀ နှုန်းဖြင့် အမြန်နှုန်း ကန့်သတ်ချက်များကို လိုက်နာကြရန် လိုအပ်သည်။ မော်တော်ယာဉ်များ သတ်မှတ်အမြန်နှုန်းထက် ပိုမိုကျော်လွန် မောင်းနှင်မှုမရှိစေရေးအတွက် အမြန်လမ်းမကြီးတစ်လျှောက်တွင် အမြန်နှုန်းတိုင်းတာစက်များ ဖြန့်ကြက်ချထားလျက်ရှိပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အမှတ်(၃)လမ်းဆုံ၊ ၁၁၅ မိုင် (ဖြူး)၊ နေပြည်တော်တိုးဂိတ်၊ မိတ္ထီလာ (သီးကုန်း) တိုးဂိတ်၊ ၃၅၂ မိုင်ရှိ မန္တလေး စကားအင်း တိုးဂိတ်တို့တွင် တားဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိသည်။

 

အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်လျက်ရှိသည့် ယာဉ်မောင်းများအနေဖြင့် အမြန်လမ်းမကြီးပေါ်တွင် လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အကြံပြုသတိပေးချက်များကို အလေးအနက်ထား လိုက်နာခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများ လျော့ကျလာမည်ဖြစ်သည်။ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ အိပ်ငိုက်နေမှန်းသိလျက်နှင့် မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားမူးယစ် မောင်းနှင်ခြင်း၊ ပြိုင်၍မောင်းနှင်ခြင်း၊ လွတ်ကင်းနိုင်ခြင်းမရှိဘဲ ကျော်တက် မောင်းနှင်ခြင်း၊ ယာဉ်အစိတ်အပိုင်းများ ကြံ့ခိုင်မှု ရှိ မရှိ စစ်ဆေးမှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်ကို မောင်းနှင်ခြင်း၊ လက်ကိုင်ဖုန်းပြောဆို၍ မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းလမ်း မလိုက်နာဘဲ မောင်းခြင်း၊ ယာဉ်မောင်း မကျွမ်းကျင်ခြင်း၊ ယာဉ်သွားလမ်းများ ကျဉ်းမြောင်းခြင်း စသည်တို့မှာ ယာဉ်အန္တရာယ်ဖြစ်စေသည့် အကြောင်းများပင်ဖြစ်သည်။

 

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက် ကာလသို့လည်း မကြာမီရောက်ရှိ လာတော့မည်ဖြစ်ရာ အမြန်လမ်းမကြီးကို အသုံးပြု၍ သွားလာမှုများလည်း မြင့်တက်လာမည်ဖြစ်သည်။ ပုံမှန်အားဖြင့် အမြန်လမ်းမကြီးပေါ်တွင် နေ့စဉ်မော်တော်ယာဉ်စီးရေ သောင်းနှင့်ချီ၍ မောင်းနှင်သွားလာလျက်ရှိရာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ ရောက်ရှိရေးအတွက် သတိပြု ဆင်ခြင်မောင်းနှင်နိုင်ကြရန် လိုအပ်သည်။ ယာဉ်မောင်းသူ၏ နေရာတွင်ထိုင်ပြီး လက်ကိုင်ခွေကို ကိုင်မိသည်နှင့် ယာဉ်ပေါ်တွင်ပါသူ မိမိကိုယ်တိုင်နှင့် အားလုံး၏ အသက်ခန္ဓာတို့မှာ မိမိအပေါ်တွင် မူတည်နေပြီ ဖြစ်သည်ကိုလည်း အလေးအနက် ဂရုပြုကြရမည်ဖြစ်သည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပွားမှုများတွင် လူ၏ အားနည်းချက်၊ ယာဉ်၏ အားနည်းချက်၊ လမ်း၏ အားနည်းချက်နှင့် ရာသီဥတုအပါအဝင် အခြားအကြောင်းများကြောင့် ဖြစ်ပွားလေ့ရှိရာ လူ၏အားနည်းချက်ကသာ အဓိကဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုမိန့်ထားသည့်အလျောက် အသိတရားဖြင့် သတိထားဆင်ခြင် မောင်းနှင်ကြခြင်းဖြင့် အန္တရာယ်ကင်းကြပါစေကြောင်း။

 

မြန်မာ့အလင်း