အနုပညာရှင်တို့၏ ခေတ်သမိုင်းတာဝန်

mdn

နေပြည်တော် ၁ ဇူလိုင်

 

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင် ၂၄ ဦးတို့ကို ယမန်နေ့ က အမှုရုပ်သိမ်းပေးလိုက်ရာ ၎င်းတို့၏ ပရိသတ်များ ဝမ်းမြောက် ဝမ်းသာ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်။ ၎င်းအနုပညာရှင်များသည် CDM လှုပ်ရှားမှုများ၊ ဆူပူဆန္ဒပြမှုများ၊ လူမှု ကွန်ရက်မှတစ်ဆင့် ရေးသားမှုများ ပြုလုပ်ခဲ့ကြသော်လည်း ပြင်ပ ပယောဂတစ်စုံတစ်ရာ ကြောင့် အဆိုပါလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရသည်ဟု ယူဆရသဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းမှရုပ်သိမ်းပေးလိုက်ခြင်းဖြစ်သည်။

 

သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များမှာ လူသိထင်ရှား ကျော်ကြားသူများ ဖြစ်ကြ သည့်အလျောက် ဆူပူဆန္ဒပြလှုပ်ရှားမှုများတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်လာကြ ခြင်းအားဖြင့် အကျိုးသက်ရောက် မှု ကြီးမားသည်ဖြစ်ရာ မပါပါအောင် တွန်းအားပေးမှု၊ ဆွဲဆောင်မှု၊ ဘေးကျပ်နံကျပ်ဖြစ်အောင် ဖိအားပေးမှုများကို လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ခဲ့ကြရသည်။ မည်သူမပါသေး။ မည်သူက အပေါ်ယံဟန်ပြ လုပ်နေသည်။ မည်သူတို့ကို ဝိုင်းကြဉ်လိုက်ကြပါ။ မည်သူတို့ကို အနုပညာအသိုင်းအဝိုင်းမှ ထုတ်ပစ်လိုက်ကြပါ စသည်ဖြင့် လှုံ့ဆော် ဘေးတီးမှုများက အနုပညာရှင်များကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နှင့် ငြိစွန်းသည့်အခြေအနေများဆီသို့ ဆိုက်ရောက် သွားစေသည့် ပြင်ပ ပယောဂများပင်ဖြစ်သည်။

 

သဘင်၊ ဂီတ၊ ရုပ်ရှင်စသည့် အနုပညာများသည် အများပြည်သူ  အပေါ် လွှမ်းမိုးနိုင်သည့် နူးညံ့ပျော့ပျောင်းသည့် တန်ခိုးဩဇာရှိသောမီဒီယာများပင်ဖြစ်သည်။ ၎င်းတို့၏ အနုပညာအစွမ်းဖြင့် ပြည်သူကို  လှုံ့ဆော်နိုင်သလို တားလည်းတားဆီးနိုင်သည်။ အသိ ပညာလည်းဖြန့်ဝေနိုင်သည်။ စည်းရုံးသိမ်းသွင်းနိုင်သည်။ သို့ဖြစ်ရာ ပြည်သူ ချစ်သည့်၊ ပရိသတ်များပြားအားကောင်းသည့် အနုပညာရှင်များကို နိုင်ငံရေးပါတီများက ချဉ်းကပ် ဆွဲဆောင်အသုံးချမှုများကို အခြား ဒီမိုကရေစီနိုင်ငံများတွင်လည်း တွေ့ရသည်။ အနုပညာရှင်များကို နိုင်ငံရေးပါတီများက အသုံးချသည်ဟုဆိုရာတွင် ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်မျှသာ ရည်ရွယ်ခြင်းက များစွာ မထောင်းတာ လှသော်လည်း နိုင်ငံတော်ဆန့်ကျင်ရေး၊ အစိုးရကို အကြည်ညို ပျက်စေရေး၊ ပုန်ကန်ရေးကဲ့သို့သော အခြေ အနေမျိုးသို့ ရောက်ရှိသွားလျှင်မူ ပြစ်မှုအလိုက် တရားဥပဒေဖြင့် အရေးယူအပြစ်ပေးခံရသည့်ဘဝသို့ ကျရောက်သွား တော့မည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက် ရှိပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက်ကာ ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်ချီတက်နေ ဆဲဖြစ်သည့် ဒီမိုကရေစီ သက်တမ်းနုနယ်သေးသည့် နိုင်ငံဖြစ်သည်။ မျက်မှောက်ကာလ နိုင်ငံ၏ လိုအပ်ချက်များဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ မြန်မာ့လူ့ဘောင်တွင် ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားရေး၊ ရွေးကောက်ပွဲများမှတစ်ဆင့် လစ်ဘရယ် အာဏာရှင်များပေါ်ပေါက်မလာရေး၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲဝါဒများထွန်းကား မလာရေး၊ နိုင်ငံအတွင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသောလောကပါလတရားများ ထွန်းကားရေးစသည်တို့ကို အနုပညာ စွမ်းပကားဖြင့် ဖန်တီးဖော်ဆောင်ခြင်းကသာ အနုပညာရှင်တို့၏ ခေတ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာရောက်မည်ဖြစ်သည်။

 

ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းကာ အကြမ်းဖက်ပစ်ခတ်၊ ဖောက်ခွဲ၊ သတ်ဖြတ်မှုများနှင့် မြို့ပေါ်မှာရောတောတွင်းမှ ပေါ်ထွက်လာသည့် သတင်းများအရပါ နွေဦးတော်လှန် ရေးဟူသည့် ကဗျာဆန်ဆန် ခေါင်းစဉ်အောက်တွင် အကြမ်းဖက်ဝါဒ သည် အရာရာကို ဖျက်ဆီးနေပြီဖြစ်သည်။ အနုပညာရှင်တို့၏ နှလုံး သားနှင့် အနုပညာစွမ်းပကားတို့သည် မိမိတို့၏ လူ့ဘောင်သာယာလှပရေး တည်ဆောက်ရန်သာ ဖြစ်သင့်ကြောင်းနှင့် အကြမ်းဖက်ဝါဒ၏ အစတေးခံတို့ မဖြစ်သင့်ပါကြောင်း။ ။

 

မြန်မာ့အလင်း