အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စတူဒီယိုတွင် “အပေးအယူ” ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ ဆက်လက်ရိုက်ကူး

ရန်ကုန် ၁၄ မေ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စတူဒီယိုများ၌ မေ ၁၂ ရက်မှ ၁၅ ရက် အထိ Life + ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က “အပေးအယူ” ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ကို ဆက်လက်ရိုက်ကူးလျက်ရှိသည်။ 

 

11


အဆိုပါ “အပေးအယူ” ဇာတ်ကားကို ကိုလင်းထွန်းကစီစဉ်ပြီး ဇာတ်လမ်း ဇျာန် သခင်၊ ဇာတ်ညွှန်းမောင်မြတ်ဆွေဖြစ်ကာ သရုပ်ဆောင် အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊   အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ အေးမြတ်သူ၊ ရွှေသမီး၊ ကလေးသရုပ်ဆောင် နန်းထိပ်ထားနှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပြီး ဇာတ်ဝင်ခန်းများကို အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာအပါအဝင် နေပြည်တော်၊ ပြင်ဦးလွင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရိုက်ကူးသွားမည်ဖြစ်သည်။ 
 

22


အဆိုပါ ဇာတ်ဝင်ခန်းများ လာရောက်ရိုက်ကူးမှုနှင့်ပတ်သက်၍ ဒါရိုက်တာ စတီးလ်က    “ကျွန်တော်တို့ ရိုက်ရမယ့် ဇာတ်အရအကျဉ်းထောင်၊ ရဲစခန်း၊ တရားရုံးတွေပါမယ်၊ ဒါတွေ အကုန်လုံးရိုက်ရဖို့အတွက် အရင်တုန်းကတစ်နေရာ၊ တစ်နေရာစီ ဖြစ်သလိုရိုက်ရတော့ အခက်အခဲတွေရှိတယ်၊ အခု ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာမှာ စတူဒီယိုတွေ ဆောက်ထားပေးတော့ အကျဉ်းထောင်၊ ရဲစခန်း၊ တရားရုံးဒါတွေကို ဒီမှာဆက်တင်ဆင်လိုက်တာပါ။ တကယ်တမ်း အပြင်မှာသဘာဝကျကျ သွားရိုက်မယ်ဆိုရင် အခက်အခဲတွေ အများကြီးရှိတယ်။ သူရဲ့ လုပ်ထုံးလုပ်နည်းအရ တစ်ချို့က ရိုက်သင့်တာ၊ မရိုက်သင့်တာရှိတယ်၊ ဒီလိုမျိုးဆင်ပြီး ရိုက်ရတာပိုကောင်းတယ်၊ ငွေကြေးကတော့ပိုကုန်သွားတာပေါ့။ ဒီအခက်အခဲတော့ရှိပါတယ်။ 

“စတူဒီယို (၁) မှာ အသံထိန်းနံရံ အရောင်က အနက်ရောင်ဖြစ်နေတယ်၊ တချို့ တရားရုံးလို ခမ်းခမ်းနားနားဆင်ပြီး ရိုက်မယ်ဆိုရင် အဲဒီအထဲမှာ အဆင်မပြေဘူး၊ သူက ဆေးသုတ်လို့လည်းမရဘူး၊ အဲဒါ ဂရေးအရောင်လောက်ဆိုရင် မဆိုဘူး အဲဒါလေး နည်းနည်းပြုပြင်ပေးရင် ပိုအဆင်ပြေမယ်၊ ကြမ်းခင်းဆိုရင်လည်းတော်ရုံ တန်ရုံပစ္စည်းချမယ်၊ သံရိုက်မယ်၊ တူရိုက်မယ်၊ ဆက်တင်တစ်ခုဆောက်မယ်ဆိုရင် နည်းနည်းအားနာနေရတယ်၊ အဲဒီအခက်အခဲတွေတော့ရှိတယ်၊ Producer ဆိုတာပျက်ရင်လည်း လျော်ရမှာ ဖြစ်တယ်၊ မီးချိန်မယ့်နေရာဆိုအသေဖြစ်ပြီး အမြင့်နံရံမှာ ကပ်နေတယ် ဘယ်လိုမှ မီးချိန်ဖို့ မလွယ်ဘူး၊ ဒါလေးတွေကိုအလျော့အတင်းလေး တစ်ခုလုပ်ပေးရင် အဆင်ပြေမယ်။
“စတူဒီယို (၂)နဲ့ (၃)က နွေရာသီမှာ ရိုက်နိုင်ဖို့မလွယ်ဘူး၊ တော်တော်ပူတယ်၊ ဒီအထဲမှာ အဲယားကွန်းထည့်ပေးရင် ပိုအဆင်ပြေမယ်၊ အဲယားကွန်းထည့်ပေးပြီး ဈေးပိုယူလိုက်ပေါ့။ ကျန်တာတွေ အားလုံးကောင်းပါတယ်၊ စတူဒီယို (၁) ကိုပြင်ပေးလိုက်ရင် ဒီထက်ပိုပြီး ရိုက်ရမယ်လို့ ထင်ပါတယ်၊ စတူဒီယို (၁) ကို နည်းနည်းလေး ပြုပြင်ပေးဖို့ တိုက်တွန်းချင်ပါတယ်”ဟုပြောသည်။ 

အနုပညာရပ်ဝန်း ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ ရုပ်ရှင်စတူဒီယိုများကို ၂၀၁၈ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါ စတူဒီယိုများကို ငှားရမ်း၍ ရုပ်ရှင်ဇာတ်ကားများ၊ တီဗီဇာတ်လမ်းတွဲများ၊ MTV များ ရိုက်ကူးနိုင်ကြောင်း သိရသည်။

 

33


အဆိုပါ “အပေးအယူ” ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် အကယ်ဒမီ အေးမြတ်သူက “ဒီဇာတ်ကားမှာ အကျဉ်းထောင်မှာနှစ်ကြာနေတဲ့ အမျိုးသမီးတစ် ယောက်အဖြစ် သရုပ်ဆောင်ရပါတယ်။ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာက ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်မဖြစ်ဘူး။ ပတ်ဝန်းကျင်ကလည်း အနှောင့်အယှက်မရှိဘူး။ ဒီမှာရိုက်ရတာ သက်တောင့်သက်သာရှိတယ်။ ပတ်ဝန်းကျင်ရဲ့ ဆူညံမှုလည်း သိပ်မရှိတော့ အဆင်ပြေတယ်၊ စိတ်လွတ်ကိုယ့်လွတ်လုပ်လိုရတယ်။ အဲဒီလိုလေးအဆင်ပြေတယ်။

“ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာမှာ လာရောက်ရိုက်ကူးရတာ တစ်ခုကောင်းတာက အပြင်မှာဆို လူတွေအုံတာတွေကို ရှင်းရတာ မျိုးရှိတယ်၊ ဒီမှာက ကိုယ့်လုပ်ငန်းခွင် တူသူတွေပဲဆိုတော့စိတ်ကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေတယ်၊ မနေ့ကဆို စတူဒီယိုထဲမှာရိုက်တယ်။ အေးအေးလေးနဲ့ သက်တောင့်သက်သာရိုက်ရတယ့်၊ ကိုယ့်ရင်းနှီးတဲ့ သူတွေပဲဆိုတော့ အိုက်တင်လုပ်ရတာပိုပြီး အဆင်ပြေတယ်။ ဒီဖွံ့ဖြိုးရေးစင်တာကို ရုပ်ရှင်လောကသားတွေအတွက် ဒီထက်ပိုပြီး အထောက်အကူပြုနိုင်တဲ့ အရာတွေ၊ နေရာတွေ၊ ပစ္စည်းတွေ ပိုပြီးထည့်စေချင်တယ်၊ အဲဒီလိုမျိုးဆိုရင် ရုပ်ရှင်လောကသားတွေ လာမှာပါ။  အပြန်အလှန် ပဲပေါ့၊ ရုပ်ရှင် လောကပိုမိုဖွံ့ဖြိုးလာတာနဲ့ အမျှရုပ်ရှင်လောကသားတွေ ဒီကိုရောက်လာကြမှာပါ့၊ ကိုယ့်ရိုက်မယ့် ဇာတ်ဝင်ခန်းနဲ့ ကိုယ့်လုပ်မယ့်အလုပ်နဲ့ သဟဇာတဖြစ်ရင် ရောက်လာကြမှာပဲ” ဟုပြောသည်။ 

အဆိုပါ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ စတူဒီယိုများအား ငှားရမ်းအသုံးပြု လိုပါက တစ်ဂျူတီလျှင် (နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ) စတူဒီယို (၁) ၌ ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ စတူဒီယို (၂) နှင့် (၃) တွင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် လည်းကောင်း၊ ရုပ်ရှင်မြှင့်တင်ရေးခြံဝင်းအတွင်း ရိုက်ကူးလိုပါကလည်း ငွေကျပ်ငါးသောင်းနှုန်းဖြင့်လည်းကောင်း သတ်မှတ်ထားကြောင်းသိရသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ပြည်သူ့ဝန်ဆောင်မှု တစ်ရပ်အနေဖြင့် အရည်အသွေးမြင့် 2K, 4K ရုပ်ရှင်ဇာတ်ကားများ၊ MTV များ၊ ကြော်ငြာများ၊ Documentary ဇာတ်ကားများ ရိုက်ကူးနိုင်ရန် Sony PMW F-5 CineAlta Camera များဆက်စပ်ပစ္စည်းများ၊ Camera Zoom / Prime Lens အမျိုးမျိုးကိုလည်း ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။

ရုပ်ရှင်ရိုက်ကူးလိုသူများအနေဖြင့် ဖုန်း ဝ၁- ၅၃၄၅၇၄၊ ဝ၉-၄၂၅၀၂၁၅၄၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်း-ဝင်းမီမီ
ဓါတ်ပုံ - လှမိုး