ဇန်နဝါရီ ၂၀

အစ္စရေးနှင့် ဟားမတ်စ်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟားမတ်စ်တို့က အစ္စရေးဓားစာခံသုံးဦးအား လွှတ်ပေးခဲ့ပြီးနောက် နာရီပိုင်းအကြာ ယနေ့မနက်စောပိုင်းတွင် Ramallah မြို့ရှိ အိုဖာအကျဉ်းထောင်မှ ပါလက်စတိုင်းအကျဉ်းသားဦးရေ ၉၀ လွှတ်ပေးခဲ့ကြောင်းသိရသည်။

အိုဖာအကျဉ်းထောင်မှ ဘတ်စ်ကားအစီးရေများစွာ မနက် ၁ နာရီအချိန်တွင် ထွက်ခွာသွားသည်ဟု ပါလက်စတိုင်းဒေသခံများနှင့်မျက်မြင်သက်သေများကပြောကြားသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှဘတ်စ်ကားများသည် ထိုအကျဉ်းထောင်မှ အမျိုးသမီးများနှင့် အမျိုးသားများအပါအဝင် အကျဉ်းသားများကိုတင်ဆောင်သွားပြီး ပါလက်စတိုင်းအာဏာပိုင်များ ထိန်းချုပ်ရာဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အကျဉ်းသားများ၏မိသားစုများအပါအဝင် ရာနှင့်ချီသောပါလက်စတိုင်းသားများသည် လွတ်မြောက်လာသည့် အကျဉ်းသားများကိုကြိုဆိုရန် ယင်းအကျဉ်းထောင်အနီးတွင်စုဝေးရောက်ရှိနေကြသည်ဟု သိရသည်။

လွတ်မြောက်လာသောအကျဉ်းသားဦးရေ ၉၀ တွင် အရှေ့ဂျေရုဆလင်မှအမျိုးသမီးများနှင့် အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူများပါဝင်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို