အပြစ်မဲ့ပြည်သူများ စုဝေး၍  ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့်နေရာများအား ရက်စက်ယုတ်မာစွာ ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် နေပြည်တော် PDF  အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များကို အချိန်မီကြိုတင် သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိ

 

(၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အပြစ်မဲ့ပြည်သူများ စုဝေး၍  ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့်နေရာများအား ရက်စက်ယုတ်မာစွာ ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် နေပြည်တော် PDF  အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များကို အချိန်မီကြိုတင် သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိ

 

နေပြည်တော်၊ မတ် ၂၇

 

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံ အဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ဒလန်ဟု စွပ်စွဲ ကာဖမ်းဆီး၍ အကျပ်ကိုင်ခြင်း၊ ငွေကြေးတောင်းခံမှုများအပြင် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်နှင့် သေကျေပျက်စီးစေရန် ရည်ရွယ်၍ မိုင်းထောင် ဖောက်ခွဲခြင်း၊ ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် အဝေးမှပစ်ခတ်ခြင်းတို့ကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

 

အဝေးမှပစ်ခတ်ရန် စီစဉ်

 

ထိုသို့ပြစ်မှုများ ကျူးလွန်လျက် ရှိသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ နေပြည်တော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အပြစ်မဲ့ပြည်သူများစုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများ၊ ခမ်းနားထည်ဝါစွာ စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်နေသည့် စစ်ရေးပြကွင်း(ရှမ်းစု)နေရာတို့ကို ရက်စက်ယုတ်မာသောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများနှင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကွက်ပြည့်နင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်း၊ အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။

 

 

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ နှောင့်ယှက် ပစ်ခတ်ရန်စီစဉ်လျက်ရှိသည့် နေပြည်တော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ စိန်လွင်(ခ) မောင်စိန်(ခ)ခရေကို နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာ အဝေရာ ဆည်အနီးရှိ သရက်ခြံအတွင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

 

ဖမ်းဆီးရမိတရားခံ စိန်လွင်(ခ)မောင်စိန်(ခ)ခရေ၏ ထွက်ဆိုချက်အရ ယင်းနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် ဇီးဖြူပင် ကျေးရွာအဝင်လမ်း အရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက် (ခ) ဝင်းနိုး (ခ) ဘီလားကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ တရားခံ ဝင်းမျိုးထက် (ခ)  ဝင်းနိုး (ခ) ဘီလား၏ ထွက်ဆို ချက်အရ ၎င်း၏ယောက်ဖဖြစ်သူ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း တရားခံပြေး ဟန်ဇော်မင်းနှင့် ခင်မျိုးသက်တို့ လင်မယားပိုင်ဆိုင်သည့် ဇီးဖြူပင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံး သိုဝှက်သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်း မြေမြှုပ် သိမ်းဆည်းထားသော ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၏ ထိပ်ဖူးများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများကို အဝေရာဆည်အနီးနှင့် ဇီးဖြူပင်ရွာတို့၌ ဝှက်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ အဝေရာဆည်အနီး ချုံပုတ်အတွင်းမှ ၁၀၇ မမ ရှော့တိုက်ဒုံး ထိပ်ဖူးနှစ်ခု၊ ဆားကစ်ပြားနှစ်ခုနှင့် Remote တစ်ခုတို့ကိုလည်းကောင်း၊ ဇီးဖြူပင်ရွာနေ တရားခံပြေး သန်းထွန်း(ခ) ချင်းတွင်း၏ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံးတစ်လုံး၊ လက်ပစ်ဗုံးစနက်တံလေးခု၊ လျှပ်စစ်ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ လေးချောင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သည်။

 

ထို့အပြင် မတ် ၂၅ ရက် ညနေ ပိုင်းတွင် ဖမ်းဆီးရမိတရားခံများ ကို နေပြည်တော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ(ခ) ဟန်မင်းထွန်းက ၁၀၇ မမရှော့တိုက်ဒုံး ပစ်ခတ်နည်း သင်ကြားပေးခဲ့သည့် မရမ်းတောင် (အထက်) ကျေးရွာအနီး၌ သိုဝှက် သိမ်းဆည်းထားသည့် ပစ္စတိုအပစ်လက်ကိုင်တစ်ခု၊ စနိုက်ပါ မှန်ပြောင်းတစ်ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ ယမ်းပျော့ တစ်ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် တစ်လုံး၊ ပြောက် ကျားပုခက် လေးခု၊ သေနတ် လွယ်ကြိုး တစ်ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ဖြစ်စဉ်တွင် တရားခံကျား နှစ် ဦးကို ၁၀၇ မမရှော့တိုက်ဒုံး နှစ် လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး ထိပ်ဖူးနှစ်ခု၊ ဆားကစ်ပြား နှစ်ခု၊ Remote တစ်ခု၊ ပစ္စတိုအပစ် လက်ကိုင် တစ်ခု၊ စနိုက်ပါ မှန်ပြောင်း တစ်ခု၊ MG-1 လက်ပစ် ဗုံး တစ်လုံး၊ လက်ပစ်ဗုံးစနက်တံ လေးခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ငါး ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် တစ် လုံး၊ ပြောက်ကျားပုခက် လေးခု၊ သေနတ်လွယ်ကြိုး တစ်ချောင်း နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖော်ထုတ်သိရှိ

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးသည် NLD ပါတီဝင် အုပ်ချုပ်ရေး မှူးဟောင်း တရားခံပြေး ဟန်ဇော်မင်း၏ ချိတ်ဆက်ပေးမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့ဝန်းကျင်တွင် လှုပ်ရှားလျက်ရှိသော ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ (ခ) ဟန်မင်းထွန်း ခေါင်းဆောင်သည့် နေပြည်တော် PDF အမည်ခံအကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ် ၂၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ (ခ) ဟန်မင်းထွန်း၊ စိန်လွင် (ခ) မောင်စိန် (ခ) ခရေနှင့် ဝင်းမျိုးထက် (ခ) ဝင်းနိုး (ခ) ဘီလားတို့ သုံးဦးသည် မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သယ်ဆောင်၍ ဖယ်ခုံမြို့ဝန်းကျင်မှ ပျဉ်းမနားမြို့နယ် မရမ်းတောင် (အထက်) ကျေးရွာသို့ လာရောက်ခဲ့ပြီး မရမ်းတောင် (အထက်) ကျေးရွာအနီး တောအတွင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံး တပ်ဆင်ပုံနှင့် ပစ်ခတ်နည်း အဆင့်ဆင့်အား လေ့ကျင့်သင်ကြားခဲ့ကြောင်း၊ ယင်းနောက် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးနှင့် ဖောက်ခွဲ ရေးဆက်စပ်ပစ္စည်းများကို နေရာလေးနေရာခွဲ၍ သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။

 

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ နေပြည်တော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ (ခ) ဟန်မင်းထွန်း၏ စေခိုင်းမှုဖြင့် သိမ်းဆည်းရမိ ၁၀၇ မမ ရှော့တိုက်ဒုံးများနှင့် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုကာ ရက်စက်ယုတ်မာသောအကြံဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေပျက်စီးစေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အပြစ်မဲ့ပြည်သူများစုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့်နေရာများ၊ ခမ်းနာ ထည်ဝါစွာ စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်နေသည့် စစ်ရေး ပြကွင်း (ရှမ်းစု) နေရာတို့ကို အချိန်ကိုက် ပစ်ခတ်ဖောက်ခွဲခြင်းများ လုပ်ဆောင်ရန် စီစဉ်ထား သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်သတင်းလက်ဦးမှုရယူကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ခြင်းကြောင့် အချိန်မီတားဆီး ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖော် ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်သည်။

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီးရမိ ရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။

 

သတင်းစဉ်