အပေးအယူရုပ်ရှင်ဇာတ်ကား၏ အက်ရှင်ဇာတ်ဝင်ခန်းများ ဆက်လက်ရိုက်ကူး

နေပြည်တော်  ၂၄ မေ

ဒါရိုက်တာစတီး(ဒွေးမေတ္တာ)ရိုက်ကူးလျက်ရှိသည့်”အပေးအယူ”ရုပ်ရှင်ဇာတ်ကား၏ ပဉ္စမနေ့ ရိုက်ကူးရေးကို နေပြည်တော်ဟိုတယ်ဇုန်ကားလမ်းမကြီးနှင့် မင်္ဂလာသီရိ ဟိုတယ်တို့တွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ရိုက်ကူးကြသည်။

နေပြည်တော်ဟိုတယ်ဇုန်ကားလမ်းမပေါ်၌ အဆိုပါရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်း အချို့ဖြစ်သည့် အတိုက်အခိုက် အက်ရှင်ခန်းများကို နံနက်ပိုင်းတွင်ရိုက်ကူးလျက်ရှိပြီး မွန်းလွဲပိုင်းတွင် ဟိုတယ်အတွင်း၌ သရုပ်ဆောင်နေထက်လင်းနှင့် အတူ အခြားသရုပ်ဆောင်များ ပါဝင်အားဖြည့်လျက် အားကြိုးမာန်တက်ရိုက်ကူးလျက်ရှိသည်။

 

mdn

 

သရုပ်ဆောင်နေထက်လင်းကလည်း ပါဝင်သရုပ်ဆောင် ဖြစ်ပုံနှင့်ပတ်သက်၍ “ကျွန်တော်ကို ကိုစတီးက ဒီကားလေးရိုက်ဖို့ပြောပါတယ်။ ဇာတ်လမ်းကကောင်းတာနဲ့ ကျွန်တော်လည်း ရိုက်ဖြစ်ခဲ့တယ်။ ဒီကားမှာ ကျွန်တော်က မာဖီးယားဂိုဏ်းခေါင်းဆောင် နေရာကနေ သရုပ်ဆောင်မှာပါ။ ဇာတ်ကားက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နိုင်ငံခြား ရိုက်ကွင်း၊ ရိုက်ကွက်တွေလည်းပါမှာပါ။ ဇာတ်လမ်းက နည်းနည်းလည်းထူးဆန်းတယ်။ သရုပ်ဆောင်မှုအပိုင်းမှာလည်း တွေ့နေကြ ပုံစံတွေမဟုတ်ဘဲနဲ့ အဆင့်မြှင့်ထားပါတယ်။ ပရိသတ်စိတ်ဝင်စားမယ့်ကားမျိုးပါ။ နေပြည်တော်မှာ  ဟိုတယ်တွေကလည်း ဝန်ဆောင်မှု ကောင်းပါတယ်။ လမ်းတွေကလည်း ရိုက်ရတာရှင်းတယ် အဲဒါကြောင့် ဒီမှာဇာတ်ကားတွေ ရိုက်ရတာကောင်းပါတယ်။ အက်ရှင်ကားကောင်းတွေ ဒီလိုရိုက်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ပရိသတ်ကလည်း အားပေးပါအုံး”ဟု ပြောသည်။

“ဒီဇာတ်ကားမှာ ဘယ်သူ့မှ ဂရုမစိုက်တဲ့ ခပ်ကြမ်းကြမ်းရဲနေရာကနေပါဝင်ဖြစ်တာပါ။ ဒီဇာတ်ကားရိုက်ဖို့ ပြောကတည်းက ရဲကာရိုက်တာဆို ပိုပြီးစိတ်ဝင် စားတယ်။ အဲဒါကြောင့် ဒီကားလေးကို ရိုက်ဖြစ်တာပါ။ ဒါပေမယ့် မနေ့ကရိုက်ဖြစ်တဲ့ ဇာတ်ဝင်ခန်းမှာ မြောင်းကို ကျော်ပြီး လူဆိုးဖမ်းရတဲ့ အခမ်းကိုရိုက်တာ ဟိုဘက်ကိုမရောက်ဘဲ ပြုတ်ကျသွားတယ်။ ဒူးထိသွားလို့ သုံးချက်ချုပ်လိုက်ရတယ်။ တစ်ပတ်လောက်တော့နားရမယ် ထင်ပါတယ်။ အဲဒီအတွက် ဒီဇာတ်ကားကို ဆက်မရိုက်ဖြစ်တော့ပါဘူး။ ဒီဇာတ်ကားမှာ မပါဝင်တော့ဘူးဆိုတော့ တော်တော်ဝမ်းနည်းရပါတယ်” ဟု သရုပ်ဆောင်ထက်ထက်ထွန်းက စိတ်မကောင်းစွာဖြင့် ပြောပြသည်။

အဆိုပါဇာတ်ကားတွင် အချစ်နှင့် အကြမ်းရသနှစ်လုံးမျိုးလုံးကို ခံစားရမည်ဖြစ်ပြီး အိုင်တီခေတ်တွင် ရုန်းကန်လှုပ်ရှားနေကြသည့် လူငယ်များအချစ်ဆိုသောအရာကို ယုံကြည်မှု တစ်ခုတည်းဖြင့်တည်ဆောက်ကြပြီးဘဝ တစ်လျှောက်လုံးလက်တွဲမည့် လက်တွဲဖော်ကို ယုံကြည်မှုတစ်ခုတည်းဖြင့်မတည်ဆောက်သင့်ကြောင်း၊ ယုံကြည်မှုကြောင့် လူငယ်များ ဘဝပျက်သွားနိုင်သည့်အကြောင်းများကို လူငယ်ပရိသတ်အတွက် အထူးချပြထားသည့် ဇာတ်ကားကောင်း တစ်ခုဖြစ်သည်။

သတင်း-မာမာစိုး၊ ဓာတ်ပုံ-အလင်းသစ်