အပြေးလေ့ကျင့်ရင် ဘယ်လိုကောင်းကျိုး ရနိုင်လဲ

၇  ဒီဇင်ဘာ

 

ဆောင်းရာသီဟာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့အတွက် အကောင်းဆုံး အချိန်ပါပဲ။ မနက်ခင်း လေပြည်လေညှင်းတွေကို ရှူရှိုက်ရင်း အားကစားလုပ်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး လူကိုလည်း တစ်နေကုန် တက်ကြွနေစေပါတယ်။ ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေပြီး အဆီကျစေတယ်။ ဝိတ်ချချင်တဲ့ မိန်းကလေးတွေ၊ ကျန်းမာရေးလိုက်စားလိုသူတွေ ဒီနှစ်ဆောင်းရာသီကနေ စတင်ပြီး မနက်တိုင်း အပြေးလေ့ကျင့်ကြည့်ပါ။

 

မနက်ခင်း အပြေးလေ့ကျင့်သူတွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြောင်းလဲမှုတွေကို ပြောပြပေးမယ်နော်။

 

၁။ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်။

မနက်ခင်း ပြေးတဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး ခန္ဓာကိုယ်တွင်း အောက်စီဂျင်ကို ကောင်းစွာလည်ပတ်စေနိုင်ပါတယ်။ မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် နှလုံးကြွက်သား၊ အမြင်အာရုံနဲ့ ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အကူအညီပေးတယ်။ လှုပ်ရှားမှုနည်းတဲ့ သူတွေ၊ အထိုင်များတဲ့သူတွေ နေ့စဉ်အပြေး လေ့ကျင့်ရင် အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

၂။ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။

ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်တဲ့သူတွေဟာ နေ့စဉ် တက်ကြွလန်းဆန်းနေပြီး စိတ်မှာလည်း ကြည်လင်နေမှာပါ။ ဦးနှောက်ဉာဏ်ရည်ကို မြင့်တက်စေတယ်။ မနက်ခင်း စောစော အပြေးလေ့ကျင့်တဲ့သူတွေဆိုရင် စိတ်ကို ပျော်ရွှင်စေတယ်။ အရာရာကို ပိုပြီး အကောင်းဘက်က တွေးမြင်တတ်လာတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကြုံလာရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေနိုင်ပါတယ်။

 

၃။ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်စေနိုင်တယ်။

သင်ဟာ ညဘက်မှာ ကောင်းစွာ အိပ်မပျော်နိုင်တဲ့သူ၊ အိပ်ပျော်ဖို့ ခက်ခဲတဲ့သူ၊ မကြာခဏ နိုးလာတတ်တဲ့သူလား။ ဒါဆိုရင်တော့ မနက်ခင်းမှာ အပြေးလေ့ကျင့်လိုက်ပါ။ မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် စိတ်ကို တက်ကြွရွှင်လန်းစေတဲ့အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်။ လုပ်ငန်းခွင်မှာ ကောင်းကောင်း အာရုံစူးစိုက်လာနိုင်တယ်။ ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ အထောက်အကူပေးတယ်။

 

၄။ သွေးတိုးကို ကျစေနိုင်တယ်။

သွေးတိုးရောဂါရှင်တွေလည်း မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် သွေးတိုးကျစေနိုင်တယ်။ ကိုယ်ခန္ဓာထဲက ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်၊ သကြားဓာတ်တွေကိုလည်း ကျစေလို့ ဆီးချိုရောဂါရှင်တွေအတွက်လည်း သင့်လျော်ပါတယ်။

 

၅။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်။

နေ့စဉ် ၅မိနစ်ခန့် ပြေးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ထက်ဝက်နီးပါး လျှော့ချပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်အပြေးလေ့ကျင့်သူတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အသက်ရှည်စေပြီး ကျန်းမာစေနိုင်တယ်။

 

၆။ အသက်ရှည်စေနိုင်တယ်။

အပြေးလေ့ကျင့်ခြင်းဟာ နှလုံးနဲ့ ကိုယ်ခန္ဓာတွင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရုံသာမက လူ့သက်တမ်းကိုလည်း ၃နှစ်ထိ ရှည်နိုင်စေတာကို လေ့လာတွေ့ရှိထားပါတယ်။ ၅မိနစ်ခန့် နေ့စဉ် ပုံမှန်ပြေးရင် ဒါမှမဟုတ် ၁၅မိနစ်ခန့် လမ်းလျှောက်ပေးနိုင်ရင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အသက်ရှည်စေတဲ့အပြင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပါ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အားအင်ဖြစ်စေမှာ အသေအချာပါပဲ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Myo Myat

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်