အပြေးလေ့ကျင့်ရင် မိတ်ကပ်လိမ်းသင့်ပါသလား

၂၇  အောက်တိုဘာ

 

မိတ်ကပ်ဆိုတာ အလှအပအတွက် အကောင်းဆုံး အထောက်အကူပစ္စည်းပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြေးတဲ့အခါ မိတ်ကပ်လိမ်းဖူးပါသလား။ လိမ်းထားရင်ရော ဘယ်လိုခံစားရသလဲ။

 

လေ့ကျင့်ခန်းလုပ်တဲ့အခါ မိတ်ကပ်လိမ်းသင့် မလိမ်းသင့် သိလိုတဲ့သူတွေအတွက် အောက်ပါတို့ ဆက်ဖတ်ကြည့်လိုက်ပါ။

 

လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြေးတဲ့အခါမျိုးဆို ခန္ဓါကိုယ်မှာ ဓါတ်ပြုမှုတွေဖြစ်လာပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ ပူလာပြီး ရိုးရိုးရှင်းရှင်းလေး လှုပ်ရှားလိုက်ရုံနဲ့ ချွေးပေါက်တွေကျယ် ချွေးတွေထွက်လာတာပေါ့။ ပြေးရင်လူတိုင်း ချွေးထွက်ပါတယ်။ တကယ်လို့မျက်နှာမှာသာ မိတ်ကပ်တွေ လိမ်းချယ်ထားရင် အရေပြားရဲ့ ချွေးထွက်လုပ်ငန်းကို နှေးသွားစေနိုင်ပါတယ်။

 

ဒီတော့ အရေပြားဖောင်းကြွခြင်းတွေ ဖြစ်လာရော။ ဒါ့အပြင် ချွေးတွေနဲ့ မိတ်ကပ်တွေလုံးသွားပြီး အဖက်တွေဖြစ်သွားတတ်ပါသေးတယ်။ နောက်ဆက်တွဲအနေနဲ့ အရေပြားလေမရတော့ပဲ ဝက်ခြံထွက်ဖို့ အခွင့်အရေး ပိုများသွားပါမယ်။ အရေးပြားကွဲတာ၊ ကျိန်းစပ်တာမျိုးတွေ ဖြစ်လာမယ်။ ဒီလိုဆိုတော့ ဆယ်ကျော်သက်တွေ ကြောက်ကြတဲ့ အိပ်မက်ဆိုးကြီးဖြစ်တဲ့ ဝက်ခြံအပြည့်မျက်နှာကြီး ပိုင်ဆိုင်သွားရောပေါ့။

 

ဒါပေမယ့်လဲ ပြောသလောက်ကြီးဆိုးဝါးတာမျိုးမဟုတ်ပါဘူး။ မိတ်ကပ်ထူထူလိမ်းတာ အောက်ခံမိတ်ကပ် ထူပိန်းနေအောင်လိမ်းတာ ဒါတွေက ချွေးပေါက်တွေကို ပိတ်သွားစေပြီး အရေပြားကနေထုတ်မယ့် အညစ်အကြေးတွေကို အရေပြားထဲပြန်သွင်းသလိုဖြစ်လို့ လုံးဝမလုပ်သင့်ပါဘူး။ ဒါကြောင့် မိတ်ကပ်လိမ်းချင်တယ်ဆိုရင် အဆီမပါတဲ့မိတ်ကပ်တွေကို ပါးပါးလေး လိမ်းပေးနိုင်ပါတယ်။ ထို့အပြင် ရေစိုခံမျက်တောင်ကော့ဆေးတွေ စီလီကွန်နဲ့လုပ်တဲ့ မျက်တောင်ကော့ဆေးတွေကိုတော့ သုံးလို့ရပါတယ်။

 

မိတ်ကပ်မလိမ်းလိုမဖြစ်ဘူး လိမ်းချင်တယ်ဆိုရင်တော့ ပြန်ချင့်ချိန်ရမှာလေး ရှိပါတယ်။ အခုလုပ်မှာ အပြေးကျင့်မှာမို့ ခါတိုင်းပုံမှန်ထက် ချွေးပိုထွက်မှာ အမှန်ပဲ။ ဒါ့အပြင် အထက်ကပြောခဲ့သလို အဆီမပါတဲ့ အလှကုန်တွေအပြင် လေ့ကျင့်ခန်းမလုပ်ခင်မှာ မျက်နှာကို သန့်ရှင်းအောင်လဲ ထားရပါမယ်။ သန့်ရှင်းတဲ့ တဘက် ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး တို့ဖတ်များကို ပြေးတဲ့အခါ ဆောင်ထားပါ။

 

ပိုအရေးကြီးတာက ပြေးပြီးတဲ့နောက် လိမ်းထားသမျှ ပြောင်နေအောင် ဆေးချရမှာပါ။ သင့်ခန္ဓါကိုယ်မှထွက်တဲ့ အဆိပ်တွေ၊ အဆီဖက်တွေ၊ ဆဲလ်သေတွေ၊ အညစ်အကြေးတွေဟာ ခရမ်တွေနဲ့ ပိတ်မိနေတတ်ပါတယ်။ ဒီတော့ ဘက်တီးရီးတွေအတွက် ပျော်စံရာကြီး ဖြစ်သွားရော။ ဒါကြောင့်မို့ တတ်နိုင်သမျှ သန့်ရှင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။

 

ဒါတွေအပြင် မနက်ခင်းမှာ ဘာမှမလိမ်းပဲ ပြေးမယ်ဆိုရင်တော့ အသားအရေကို နေရောင်ထိပြီး ပျက်စီးနိုင်ပါသေးတယ်။ အထူးသဖြင့် နွေရာသီဆို ပိုဆိုးပါတယ်။ ထို့ကြောင့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေရောင်ခံလိမ်းဆေးကိုတော့ လိမ်းပေးရပါမယ်။ Water Based လိမ်းဆေးများကို သုံးတာ ပိုသင့်တော်ပါတယ်။

 

အရေပြားဆိုတာ နူးညံ့ပါတယ်။ ခြုံပြောရရင် ပြေးတဲ့အခါမှာ အရေပြားရဲ့ လုပ်ငန်းစဉ်ကို ရိုးရိုးလေးပဲ တွေးကြည့်ဖို့လိုတာပါ။ ပြေးတဲ့အခါ အပူချိန်တိုးလားပြီး ချွေးပေါက်တွေ ဂလင်းတွေက ကြီးလာပါတယ်။ ကိုယ်ထဲက အညစ်အကြေးတွေကို ပွင့်လာတဲ့ ချွေးပေါက်တွေကနေ စွန့်ပစ်ပေးတယ်။ ချွေးထွက်ရင် မျက်နှာစိုလာပါမယ်။ ဒါကြောင့် အလှကုန်တွေဝယ်တဲ့အခါ အထက်ကအချက်တွေကို မှတ်ထားရမယ်။

 

ကိုယ်ပြေးမယ့် ပတ်ဝန်းကျင် ဥပမာ လမ်းဘေး ဒါမှမဟုတ် Gym စတာနဲ့ဆိုင်တဲ့ သီးသန့်အလှကုန်တွေလဲ ရှိပါတယ်။ လှပနေအောင် နေချင်တာ လူတိုင်းပါပဲ။ အထူးသဖြင့် ပြေးနေတုန်းကိုယ်သိတဲ့သူတွေနဲ့ တွေးမိဖို့ ပိုလွယ်တတ်ပါတယ်။ ဒါကြောင့် စမတ်ကျကျပြင်ဆင်ရမှာပေါ့။ ကိုယ်ပြေးမယ့်အစီအစဉ် ကိုယ့်အသားရေနဲ့ကိုက်မယ့် အကောင်းဆုံးတွေကိုပဲ ရွေးချယ်လိုက်ပါ။ ခဏတာလေး အထင်ကြီးဖို့အရေး ကိုယ့်မျက်နှာကို အပျက်စီးခံချင်မှာမဟုတ်ဘူး။ ဟုတ်တယ်မလား။

 

ရေးသားသူ - Dr. Hlaing Min Ko Ko ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-  Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်