အဖျက်အန္တရာယ်များ အပြီးတိုင်ဖယ်ရှား

လက်တစ်ခုတွင် အတိုအရှည်အရွယ်အစားမတူ၊ သဘောသဘာဝ ဂုဏ်ရည် မတူသည့် လက်ချောင်း ငါးချောင်း ရှိသည်။ မိသားစုတစ်စု၏ မိသားစုဝင်များတွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများတွင်လည်း ထိုသဘောသွားအတိုင်းရှိသည်။ တစ်အူထုံ့ဆင်း မိသားစုဝင်များဖြစ်၍ စိတ်သဘောထား၊ ခံယူချက်မတိုက်ဆိုင်မှုများကို နားလည် ခွင့်လွှတ်ကြမည်ဖြစ်သော်လည်း မိသားစုချင်း စိတ်ဝမ်းကွဲပြီး မိသားစုကြီးတစ်ခုလုံး ပြိုကွဲပျက်စီးသွားမည့် ပြုလုပ်မှုများကိုမူ မိသားစုဝင်တိုင်းအနေဖြင့် မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပေ။

 

မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အမြောက်အမြားရှိပါသည်။ တိုင်းရင်းသားများသည် မတူကွဲပြားသော်လည်း တစ်မြေတည်းတွင် အတူနေထိုင်သည့် မိသားစုများ ဖြစ်ကြ၍ မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ အတူတကွ နှစ်ပေါင်းထောင်ချီ တစုတစည်းတည်း စုစည်း နေထိုင်ခဲ့ကြပါသည်။ ထိုသို့စုစည်းနေထိုင်ကြရာတွင် အချို့တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် တစ်ခါတစ်ရံ စိတ်သဘောထား မတိုက်ဆိုင်မှုများ၊ သဘောကွဲလွဲမှုများ ရှိခဲ့ပါသည်။ မည်သို့ပင် သဘောကွဲလွဲ မတိုက်ဆိုင်သော်လည်း ပြည်ထောင်စု မိသားစု ပြိုကွဲပျက်စီးသွားအောင် ပြုလုပ်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် မိသားစုဝင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုများပေးခဲ့ကြပါသည်။

 

သို့သော် မိသားစုဝင်အချင်းချင်း နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အတူနေထိုင်ကြသော မိသားစုနေအိမ်ကို ဖျက်ဆီးခြင်း၊ သူစိမ်းတစ်ရံဆံနှင့် ပူးပေါင်းပြီး မိသားစုနေအိမ်ကို ပြိုကွဲပျက်စီးအောင် ပြုလုပ်ခြင်း၊ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ခြင်း၊ မိသားစုအချင်းချင်း သွေးထိုးမြှောက်ပင့်ပေးခြင်း၊ ထောက်ပံ့အားပေးပါဝင်ဆောင်ရွက်ခြင်း စသည့်မိသားစုကြီး ပြိုကွဲပျက်စီးအောင်၊ မိသားစုနေအိမ်ကြီး ပြိုလဲပျက်စီးအောင် ပြုလုပ်နေသော မိသားစုအတွင်းမှ ပိုးလောက်ခြများအား လုံးဝကင်းစင်သွားသည်အထိ ရှင်းလင်းရမည်သာ ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ကာလ၌ အမြင်မတူ သဘောကွဲပြီး ထို့ထက်ပို၍ ရန်လိုဖက်ပြိုင်နေမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် “ဒို့တပ်မတော်အနေနဲ့ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေးတွေကို လုပ်ဆောင်နေရတာတွေရှိတယ်။ အပြစ်မဲ့ပြည်သူများနဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းတွေကို အကြောင်းမဲ့သတ်ဖြတ်ပြီး နိုင်ငံအတွင်း အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကိုထောက်ခံပံ့ပိုးနေတဲ့ အဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသည်အထိ နှိမ်နင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

 

တပ်မတော်သည် မိသားစုအတွင်းမှ စိတ်ဝမ်းကွဲပြားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်း အဖြေရှာလျက်ရှိပါသည်။ ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းလျက်ရှိသည်နှင့်အတူ ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီမှုများအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိပါသည်။ ခေတ်အဆက်ဆက်တွင် တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြရာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အောင်မြင်အောင် ဆောင်ရွက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိသလို မဖြစ်နိုင်သော တောင်းဆိုမှုများကြောင့် မအောင်မြင်သော အဖွဲ့အစည်းအချို့လည်း ရှိပါသည်။

 

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် နိုင်ငံအတွင်း သဘောကွဲလွဲခဲ့သော လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ကြသော်လည်း အကြမ်းဖက်အဖွဲ့များနှင့်မူ မည်သည့်အခါမျှ တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်မှုမရှိပေ။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ လိုလားချက်များကို နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာကြရန်ဖြစ်ပြီး မိသားစုကြီး၊ မိသားစုနေအိမ်ကြီး ပြိုကွဲပျက်စီးအောင် ဖျက်ဆီးနေသော အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်အဖွဲ့များကို ကူညီထောက်ပံ့ပေးခြင်း၊ ပူးပေါင်း အားပေးဆောင်ရွက်ခြင်းတို့ကို မပြုလုပ်ကြရန်နှင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းသောနည်းဖြင့် လုပ်ကိုင်နေထိုင်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါသည်။

 

သို့ဖြစ်ရာ မိသားစုတစ်စုအတွင်း သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း သဘောထားကွဲလွဲခြင်းမှ မိသားစုချင်း စိတ်ဝမ်းကွဲပြားအောင်၊ မိသားစုနေအိမ်ကြီး ပြိုလဲပျက်စီးသွားအောင် ပြုလုပ်ကြသော မိသားစုဝင်ဖြစ်စေ၊ မည်သူမဆိုဖြစ်စေ လက်မခံဘဲ မိသားစုနေအိမ်ကြီး ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးသည့်အန္တရာယ် မှန်သမျှကို  လုံးဝချုပ်ငြိမ်းသွားသည်အထိ ရှင်းလင်းဖယ်ရှားသွားရမည်ဖြစ် ပါကြောင်း။  ။

 

ကြေးမုံ