အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကျင်းပ

မြစ်ကြီးနား၊ ဇွန် ၂၃

နှစ်စဉ် ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ကြိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူထုစုပေါင်းစက်ဘီးနင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း မှ ကျောင်းသူလေးများ တက်ရောက်အားပေးခဲ့ကြပြီး စက်ဘီးစီးနင်းပွဲကို ဧရာရပ်ကွက် ပြည်သူ့အားကစားကွင်းရှေ့မှ ပြည်နယ်ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့သည်။

ထို့နောက် စုပေါင်းစက်ဘီးစီးနင်းသူများသည် ရုံးကြီးလမ်းမှ ဆွမ်ပရာဘွမ်လမ်း၊ ဆွမ်ပရာဘွမ်လမ်းမှ တစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်စေရန်အောင်ဘုရားအထိ စက်ဘီးစီးနင်းခဲ့ကြပြီး ပြည်သူ့အားကစားကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဘောလုံးကွင်းအတွင်းမှ ကြိုဆိုခဲ့ကြသည်။ စက်ဘီးစီးနင်းသူများသည် ဘောလုံးကွင်းတစ်ပတ်ပတ်ကာ စုပေါင်းစက်ဘီးစီးနင်းခဲ့ကြပြီး ဝင်းရောက်ဆင်နွဲသည့် စက်ဘီး စီးနင်းသူများအား စက်ဘီးနှစ်စီး အပါအဝင် မိသားစုအသုံးအဆောင်ပစ္စည်းများကို မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်