အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် သွေးလှူရှင်များအားဂုဏ်ပြု ချီးမြှင့်ခြင်း

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် သွေးလှူရှင်များအားဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူများကို ငွေကြေး အကျိုးခံစားခွင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ  ၂၉

၂၀၂၃ ခုနှစ်၊ မေ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူများကို  ငွေကြေး အကျိုးခံစားခွင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၂၉)ရှိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့် MOEAF တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခုံသမာဓိ ကောင်စီ၊ ခုံသမာဓိအဖွဲ့နှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံတော်အစိုးရ၏ စီးပွားရေးဦးတည်ချက်(၄)ရပ်တွင် ပါဝင်သည့် သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးအချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အဓိကအရေးပါသည့် အင်အား စုကြီးဖြစ်သော အလုပ်သမားထုကြီးအပေါ် များစွာ တည်မှီနေသည့်အတွက် အလုပ်သမား ထုကြီးကို ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပခဲ့သည့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲ၌ ဆုရရှိသူ (၁၆)ဦးကို ဂုဏ်ပြုချီးမြှင့်ငွေ ၉၉၀,၀၀ဝိ/- ကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ သွေးလှူရှင်ဝန်ထမ်း (၁၀၀)ကို ဂုဏ်ပြု ချီးမြှင့်ငွေ ကျပ်(၁၀၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့် ရရှိသူများကို ငွေကြေးအကျိုးခံစားခွင့် ပေးအပ်ခြင်းများ ချီးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ဆေးဖိုးကုန်ကျငွေများ၊ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု(၃)မျိုးအတွက် ပြန်လည်ပေးအပ်သည့် ဆေးဖိုး ကုန်ကျစရိတ်များ၊ မကျန်းမာမှု အကျိုးခံစားခွင့်များနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အရ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော အလုပ်သမားများကို အမြဲတမ်း မသန်စွမ်းမှု ငွေလုံးငွေရင်းနှင့် သေဆုံးသွားသည့် အာမခံအလုပ်သမားများ၏ ကျန်ရစ်သူ မိသားစုများအား ကျန်ရစ်သူအကျိုးခံစားခွင့်များအတွက် အာမခံအလုပ်သမား (၅၅၄)ဦးအတွက် စုစုပေါင်း ကျပ်(၃၃,၃၅၉,၁၀၉) သိန်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်နှင့် ပဲခူးမြို့တို့တွင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပြပွဲများ(Job Fair)၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ကျင်းပပေးခဲ့ပြီး MRTV တွင်လည်း Talk Show အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်ပေးခဲ့ပါကြောင်း။

အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပပေးခြင်းအားဖြင့် အလုပ်ရှာဖွေသူများနှင့် အလုပ် သမားလိုအပ်လျက်ရှိသော အလုပ်ရှင်များကို အချိန်တိုအတွင်း တစ်နေရာတည်းတွင် ချိတ်ဆက်ပေး နိုင်သည့်အတွက် အချိန်ကုန် ငွေကုန်သက်သာပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုး တက်ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အလုပ်သမားကြီးများသည် နိုင်ငံတော်အစိုးရက တစ်စိုက်မတ်မတ် ဦးတည်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မား လာမည်ဖြစ်သည့်အတွက် အလုပ်သမားကြီးများ၏ ကြိုးစား အားထုတ်မှုများကို အမှတ်တရ ဂုဏ်ပြုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် စာစီစာကုံး၊  ကဗျာ၊  ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် အဆိုပါနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းသည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်သည်။

ဆက်လက်၍ လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ငွေကြေးအကျိုးခံစားခွင့်များကို သက်ဆိုင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်