အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးမင်္ဂလာစကား

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် လွန်မြောက်လို့ ၁၃၈၆ ခုနှစ် မြန်မာ့နှစ်သစ်ကူးနေ့အခါသမယ။

ကုသလံ အနဝဇ္ဇသုခဝိပါကလက္ခဏံ။

ကုသိုလ်ကောင်းမှုဆိုတာ အနဝဇ္ဇ- အပြစ်ကင်းတယ်။ သုခဝိပါကလက္ခဏံ- ကောင်းကျိုးချမ်းသာတွေကို အကျိုးပေးတဲ့သဘောရှိတယ်။ ကုသိုလ်ကိုယ်တိုင်ကလည်း အပြစ်ကင်းတယ်။ ထိတွေ့ဆက်ဆံသူတွေကိုလည်း အပြစ်ကင်းစေတယ်။ ပြီးတော့ ကောင်းကျိုးချမ်းသာအမျိုးမျိုးတွေကို လည်းပေးတယ်။

မည်သည့်အလုပ်ကိုပဲ လုပ်လုပ်၊ မည်သည့်အပြောကိုပဲ ပြောပြော၊ မည်သည့်အတွေးကိုပဲတွေးတွေး အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာတွေကို ရရှိစေတာက ကုသိုလ်ရဲ့သဘောပါပဲ။ ဒါကြောင့်လည်း လူတွေက ကောင်ကျိုးချမ်းသာတွေကို နှစ်သက်မြတ်နိုးလိုလားကြတဲ့အတွက် ကုသိုလ်ကို ပြုလုပ်ချင်ကြပါတယ်။

အတတ်လည်းသင်၊ ဉာဏ်နဲ့ယှဉ်လျက်၊  ဆင်ခြင်ရှေ့နောက်၊ မြော်ရှုထောက်၍၊ ထက်အောက်ဝန်းကျင်၊ ကောင်းကျိုးဆင်ဖို့၊ ကောင်းပင်စိုက်ပျိုး၊ ကောင်းအောင်ကြိုးသည်၊ ကောင်းမျိုးစုံဝေ ပြည့်စေသောဝ်။

ကုသိုလ်ပြုရာမှာလည်း သာမန်ကုသိုလ်ထက် အသိဉာဏ်နဲ့ပြုတဲ့ကုသိုလ်ကပိုပြီး စွမ်းပကား ကြီးမားပါတယ်။

ဒါကြောင့် အတတ်ပညာကိုလည်းသင်ကြပါ။ ဆင်ခြင်ဉာဏ်လည်းရှိကြပါ။ ရှေ့ရေးအနာဂတ်ကောင်းဖို့အတွက် ပြီးခဲ့တဲ့အတိတ်အရေးအရာတွေကို အကောင်းအဆိုးနှစ်မျိုးစလုံးကို မြော်တွေးရှုမြင်ဖို့ အသိဉာဏ်နဲ့ ဆင်ခြင်ကြပါ။

ထက်အောက်ဝန်းကျင်ဆိုတဲ့ အရပ်ဆယ်မျက်နှာစလုံးကို ကောင်းသည်ထက်ကောင်းအောင် ကောင်ကျိုးတွေဆင်ဖို့ စွမ်းနိုင်သမျှ လုပ်ပေးချင်စိတ်တွေကို မွေးမြူကြပါ။

ဒါကြောင့် မိမိတို့ကိုယ်တိုင် ကိုယ်စီကိုယ်စီ ကုသိုလ်ကောင်းမှုမျိုးစေ့တွေကို ကြဲချစိုက်ပျိုးကြပါ။ အားလုံးကောင်းကျိုးချမ်းသာတွေ စံစားရဖို့အတွက် ကောင်းအောင်ကြိုးစားကြပါ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘယ်အရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ကောင်းမြတ်တဲ့ကုသိုလ်စိတ်နဲ့ ဆောင်ရွက်ကြရမှာပါ။

အဲဒီလိုသာ သူရောကိုယ်ပါအားလုံးက ကောင်းမြတ်တဲ့အမြင်နဲ့ ကောင်းတဲ့အလုပ်တွေကို လုပ်ကြရင်၊ ကောင်းတဲ့အပြောတွေကို ပြောကြရင်၊ ကောင်းတဲ့အတွေးတွေကို တွေးကြရင် နေရာတိုင်းမှာ ကောင်းကျိုးချမ်းသာ အမျိုးစုံတွေဟာ ဝေဆာပွင့်လန်းတိုးတက်အောင်မြင်လာကြမှာ သေချာ ပါတယ်။

ဒါကြောင့် မိမိကိုယ်တိုင်ပြုတဲ့ ကောင်းမှုကုသိုလ်အလုပ်ကြောင့် မိမိအကျိုး တိုင်းပြည်အကျိုး အများအကျိုးတွေကို ဖြစ်ပေါ်တိုးတက်အောင် ဆောင်ရွက်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သောဝ်။ ။